တကယ့်အချိန်ကျမှ ချယ်ဆီးမှာ မပျော်ဘဲ အင်တာကို ပြန်လိုကြောင်း လူကာကူ ထုတ်ပြောလာ

တိုက်စစ်မှူး လူကာကူက ဒီရာသီ လန်ဒန်ကလပ် ချယ်ဆိးအသင်းထံ စံချိန်တင်ကြေးဖြင့် ပြောင်းရွှေ့လာခဲ့ပေမယ့် နည်းပြတူချယ်လက်အောက် မပျော်ရွှင်ပါဘူးလို့ စကိုင်းစပေါ့ အီတလီကို ထုတ်ပြောခဲ့ပါတယ်။

‘ ရုပ်ပိုင်းဆိုင်ရာအရ ကျနော် အဆင်ပြေပါတယ်။ ဒါပေမယ့် ချယ်ဆီးမှာ လက်ရှိ အခြေအနေကို မပျော်နိုင်ပါဘူး။ တူချယ်က အခြားသော နည်းစနစ်ဖြင့် ကစားဖို့ကို ရွေးချယ်နေခဲ့တယ်။

ကျနော် အရှုံးမပေးသေးပါဘူး။ ကျနော်က ပရော်ဖက်ရှင်နယ် ပီသမှာပါ။ အခြေအနေကို မပျော်ပေမယ့်လို့ ကျနော်က ပရော်ဖက်ရှင်နယ် တစ်ယောက်အဖြစ် အရှုံးပေးသွားမှာ မဟုတ်ပါဘူး ’ လို့ လူကာကူက ဆိုတာပါ။

အသက် ၂၈ နှစ်အရွယ် တိုက်စစ်သမားက နည်းပြတူချယ်ရဲ့ နည်းစနစ်ကို မနှစ်သက်ကြောင်း ပြောဆိုမှုလောက်ပဲ ဖြေဆိုတာတော့ မဟုတ်ပါဘူး။ သူက အီတလီကို လွှမ်းနေကြောင်းနဲ့ အင်တာမီလန်ကို ပြန်လိုပါကြောင်းလည်း ဝန်ခံခဲ့သေးတာပါ။

နွေမှာ အီတလီကနေ အင်္ဂလန်ဘောလုံးလောကကို ပြန်လာခဲ့ပြီး ဇန်နဝါရီ ဈေးကွက် ဖွင့်ခါနီးမှာမှ လူကာကူရဲ့ ဖြေဆိုမှုဟာ အခြေအနေဆိုးနေတဲ့ တူချယ်ရဲ့ အသင်းအတွက် စိတ်ပျက်စရာ ဖြစ်မှာပါ။ ချယ်ဆီးဟာ ဒဏ်ရာရ ကစားသမားတွေကြောင့် မန်စီးတီးနောက် ၈ မှတ် ကွာဟကာ အမှတ်ပေးဖလား စိန်ခေါ်နိုင်ဖို့ စိုးရိမ်နေရသလို လိဂ် အဆင့်ရပ်တည်မှုမှာလည်း ရုန်းကန်ရမယ့် အနေအထားကို ရောက်လာခဲ့တာပါ။

လူကာကူက ‘ ပြီးခဲ့တဲ့ နွေတုန်းက ဖြစ်ခဲ့တာတွေက မဖြစ်သင့်ပါဘူး။ အင်တာကို ကျနော် စွန့်ခွာရတဲ့ အနေအထားမျိုးက အသင်းပရိသတ်တွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတဲ့ ကျနော်အတွက် စိတ်အနှောက်အယှက် ဖြစ်စေပါတယ်။ မှန်ကန်တဲ့ အချိန်မှာ ထွက်ခွာလာခဲ့ရတယ်လို့ မထင်ပါဘူး။

အခုက ကျနော်ရဲ့ ခံစားချက်တွေကို မျှဝေဖို့ အချိန်ကောင်း ဖြစ်နေပါပြီ။ အင်တာက ကျနော် နှလုံးသားထဲမှာ ရှိနေပါတယ်လို့ ကျနော် အမြဲတမ်း ပြောခဲ့ပါတယ်။ ကျနော် အင်တာကို ပြန်မှာပါ၊ အဲ့လိုဖြစ်လာဖို့လည်း မျှော်လင့်ပါတယ်။ ကျနော်က အီတလီကို ချစ်သလို အခုချိန်ကလည်း လူတွေကို ဒီအကြောင်းပြောဖို့ မှန်ကန်တဲ့ အချိန်လို့ ထင်ပါတယ်။

ကျနော် နှလုံးသားရဲ့ အနက်ရှိုင်းဆုံး ဆန္ဒကတော့ ကစားသမားဘဝ အဆုံးမသတ်ခင် အင်တာကို ပြန်ဖို့ပါ။ ဒါပေမယ့် ကျနော် အကောင်းဆုံး စွမ်းဆောင်နိုင်သေးချိန်မှာ ပြန်လိုပါတယ်။ အင်တာမီလန် ပရိသတ်တွေကိုလည်း တောင်းပန်ချင်ပါတယ်။ ကျနော် ပြောခဲ့တာတွေက မှားခဲ့ပြီး သူတို့ရဲ့ အားပေးမှုတွေကို အမြဲ အမှတ်ရနေမှာပါ ’ လို့ ဆိုသွားခဲ့တာဖြစ်တယ်။

အီတလီသတင်းဌာနတွေကတော့ ဇန်နဝါရီမှာ ကာလတို အငှားနဲ့အတူ လူကာကူ အင်တာမီလန်ကို ပြန်ရောက်လာမလားလို့ ဖော်ပြမှုတွေပါ ရှိလာနေခဲ့ပြီ ဖြစ်ပါတယ်။