မန်စီးတီးနဲ့ပွဲကို အာတီတာတင် မဟုတ်ဘဲ အာဆင်နယ် နည်းပြအများအပြား ကိုဗစ်ကြောင့် လွဲချော်မည်

နှစ်သစ်ကူးမှာ မန်စီးတီးနဲ့ ရင်ဆိုင်ရမယ့်ပွဲအတွင်း လွဲချော်မှာက အာဆင်နယ်မန်နေဂျာ အာတီတာတင် မဟုတ်ဘဲ ကလပ် နည်းပြအဖွဲ့ဝင်တွေကလည်း ကိုဗစ်ကြောင့် လွဲချော်မယ်လို့ တယ်လီဂရပ်က ဖော်ပြပါတယ်။

စနေနေ့ အမ်းမရိတ်မှာ ယှဉ်ပြိုင်ရမယ့် အမှတ်ပေးပွဲကိုတော့ အာတီတာ အပြင် အရေးပါတဲ့ အာဆင်နယ် နည်းပြအဖွဲ့ဝင်တွေလည်း လွဲချော်မှာပါ။ ဗုဒ္ဓဟူးနေ့က ကလပ်ရဲ့ လေ့ကျင့်ရေးကို လက်ထောက်တစ်ဦးဖြစ်တဲ့ Albert Stuivenberg က တာဝန်ယူခဲ့ရပြီး နည်းပြ အတော်များများလည်း ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။

အာဆင်နယ်က နောဝစ်ချ်အသင်းကို အနိုင်ရခဲ့စဉ်က အာတီတာရဲ့ လက်ထောက် တစ်ဦးဖြစ်တဲ့ Steve Round ပါဝင်နိုင်ခဲ့ခြင်း မရှိသလို မန်စီးတီးပွဲကြိုမှာ အာတီတာကိုယ်တိုင် ကိုဗစ်ဖြစ်နေတယ်ဆိုတာ သိထားရတာပါ။ လန်ဒန်ကလပ်ကတော့ နည်းပြအဖွဲ့ကို အာဏာပိုင်တွေရဲ့ စည်းမျဉ်းတွေအတိင်း သီးသန့်ခွဲထုတ်မှုတွေ လုပ်ထားတာဖြစ်တယ်။

ဒီအပတ်တွေမှာ စီနီယာအသင်းက ဒဏ်ရာပြဿနာတွေ မရှိထားဘဲ ကိုဗစ် ကူးစက်မှုတွေလည်း မရှိထားတာကြောင့် ပွဲစဉ်တွေကို ပုံမှန်အတိုင်း ယှဉ်ပြိုင်ဖို့ လူအင်အား အပြည့် ရှိနေပပါတယ်။ နည်းပြအဖွဲ့ဝင်တွေ နည်းပါးနေခြင်းကလည်း ပရီးမီးယားလိဂ် ပွဲစဉ် ၁၀ ပွဲဆက်တိုက် အနိုင်ရထားတဲ့ မန်စီးတီးကို ရင်ဆိုင်ရမှာ အာဆင်နယ်အသင်း စိုးရိမ်နေရတဲ့ အဓိက ကိစ္စဖြစ်ပါတယ်။

နယူးကာဆယ် မန်နေဂျာ အတ်ဒီဟောင်၊ အက်စတွန်ဗီလာမန်နေဂျာ ဂျရတ်နဲ့ ပဲလေစ့် မန်နေဂျာ ဗီအဲရာတို့ကလည်း ကိုဗစ်တွေကြောင့် သက်ဆိုင်ရာ ကလပ်တွေရဲ့ ပွဲစဉ်တွေကို ကိုင်တွယ်နိုင်ခဲ့ခြင်း မရှိတာဖြစ်ပြီး အာတီတာကတော့ စတုတ္ထမြောက် ပရီးမီးယားလိဂ် မန်နေဂျာ ဖြစ်လာခဲ့ပါတယ်။

အခြေအနေတွေကို အတိအကျ မသိရသေးပေမယ့် လာမယ့် နှစ်ရက်အတွင်း ထွက်ပေါ်လာမယ့် စစ်ဆေးချက်တွေအရ အာတီတာရဲ့ နည်းပြအဖွဲ့ ဘယ်လောက် များများက ကိုဗစ်ကြောင့် လွဲချော်မယ်ဆိုတာကို သိရမှာဖြစ်တယ်။ အခုချိန်ထိတော့ ကစားသမားတွေဟာ မန်စီးတီးပွဲအတွက် ပြင်ဆင်မှုတွေကို ပုံမှန်အတိုင်းပဲ ပြုလုပ်နေတယ်လို့ သိရတာဖြစ်ပါတယ်။