ဇန်နဝါရီလ ပထမအပတ်မှာ ကစားသမားသစ် (၃) ဦးကို လက်မှတ်ထိုးမယ့် နယူးကာဆယ်

ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်အသင်းဟာ အင်္ဂလန်အပြောင်းအရွှေ့ စဖွင့်မယ့် ဇန်နဝါရီလ ၁ ရက်နေ့မှာတင် ကစားသမားသစ်တွေကို မိတ်ဆက်နိုင်ဖို့ စိုင်းပြင်းနေတယ်လို့ တယ်လီဂရပ်က ဖော်ပြပါတယ်။

ကာဆယ်ဟာ လာလီဂါကလပ် အက်သလက်တီကို မက်ဒရစ်မှ ညာအစွန်လူ ထရစ်ပီယာကို ခေါ်ယူနိုင်ရေး ပြီးမြောက်နိုင်ဖို့ မျှော်လင့်နေတယ်။ ခံစစ်ပိုင်း အင်အားဖြည့်ရေးကို ဦးစားပေးအဖြစ် ရွေးချယ်ထားပြီး ညာအစွန်နဲ့ ဗဟိုခံစစ်ပြီးရင်တော့ ဒဏ်ရာရနေတဲ့ ဝဲလ်ဆန်နေရာ အစားထိုးဖို့ ဖိအားပေး ကစားနိုင်တဲ့ တိုက်စစ်သမား ခေါ်ယူသွားမှာ ဖြစ်ပါတယယ်။

တယ်လီဂရပ်က နားလည်ထားသလောက်တော့ ဒီအပတ်တွေထဲမှာ နယူးကာဆယ်က ကမ်းလှမ်းမှုတွေကို အားစိုက်ထုတ်ထားတာကြောင့် ဇန်နဝါရီလ ပထမအပတ်မှာတင် လက်မှတ်ထိုးမှုတွေကို ကြေညာနိုင်မယ်လို့ ယုံကြည်နေတယ်။ ထရစ်ပီယာရဲ့ အပြောင်းအရွှေ့က အခြေအနေ ကောင်းမွန်နေပြီး အခြားသော ပစ်မှတ်တွေအတွက်တော့ ဆက်ပြီး ညိနှိုင်းကြိုးစားနေဆဲဖြစ်ပါတယ်။

ကစားသမားတွေရဲ့ လုပ်ခနဲ့ အေးဂျင့်ကြေးတွေကို ညိနှိုင်းနိုင်မယ်ဆိုရင် လက်မှတ်ထိုးမှုတွေက ခပ်မြန်မြန် ဖြစ်လာဖို့ ရှိနေတယ်။ နယူးကာဆယ်ဘက်က သတင်းပေးတွေရဲ့ ပြောပြမှုအရဆိုရင် ဇန်နဝါရီအတွက် ကစားသမားတွေကို ကမ်းလှမ်းတဲ့အခါ အခြားသော ကလပ်ဆိုရင် တစ်ဈေးဖြစ်ပေမယ့် နယူးကာဆယ်ဆိုရင် ဈေးပိုတောင်းနေတာမျိုးကို ရင်ဆိုင်နေတယ်လို့ သိရပါတယ်။

နယူးကာဆယ်ရဲ့ ဆော်ဒီ ပိုင်ရှင်တွေကတော့ ကလပ်နည်းပြ အယ်ဒီဟောင်အတွက် လိုအပ်တဲ့ ကစားသမားတွေကို ခေါ်ယူရေးမှာ အပြည့်အဝ ပါဝင်ကူညီပြီး တန်းဆင်းဇုန်ကနေ ရုန်းထွက်နိုင်ရေး အားထုတ်ပေးဖို့ လိုလိုလားလား ရှိနေပါတယ်။

ဗဟိုခံစစ်အတွက် ဘုန်းမောက်မှ လွိုက်ကယ်လီ၊ စပါးမှ ရိုဒွန်၊ လိုင်လီမှ ဘိုဝမ်တို့ဖြင့် သတင်းထွက်နေတဲ့ နယူးကာဆယ်က သူတို့ရဲ့ ဦးစားပေး ကစားသမားက ဘယ်သူလဲဆိုတာကို သတင်းပေးဖို့ ထိန်းဝှက်ထားဆဲဖြစ်ပါတယ်။ တိုက်စစ်ပိုင်းအတွက် ဘာစီလိုနာနဲ့ စာချုပ်ကိစ္စ အဆင်မပြေတဲ့ ဒမ်ဘီလီကို ကြိုးစားကြောင်းလည်း သတင်းထွက်နေတယ်။

လက်တလောထိတော့ အက်သလက်တီကိုနဲ့ စာချုပ်ပါကြေး ပေါင် ၃၁ သန်း ရှိနေတဲ့ ထရစ်ပီယာ တစ်ဦးတည်းကပဲ ဇန်နဝါရီမှာ နယူးကာဆယ်ကို ပြောင်းလာနိုင်မယ့် ကစားသမားအဖြစ် သိထားရတာ ဖြစ်ပါတယ်။