လိဂ်ရဲ့ ဒုတိယအကောင်းဆုံး ခြေစွမ်းရနေတဲ့ အာဆင်နယ်နဲ့ ယှဉ်ပြိုင်ရမှာကို ဂွာဒီယိုလာ အမွှန်းတင်

မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာက ပရီးမီးယားလိဂ် ရာသီဝက် ချန်ပီယံဖြစ်လာခဲ့ပြီး အနီးကပ် ပြိုင်ဘက်တွေကို ရမှတ်တွေ အများကြီး ဖြတ်ထားနိုင်ပေမယ့် ရာသီကုန်ရင် ဘာဖြစ်မယ်ဆိုတာကို မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။

၂၀၂၂ ခုနှစ်မှာ မန်စီးတီးအသင်း ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ် ထိပ်ဆုံး ၆ ပွဲမှာ ၃ ပွဲက ကြီး ၆ ကြီးပြိုင်ဘက်တွေဖြင့် ရင်ဆိုင်ရမှာဖြစ်တာကြောင့် အသင်းက ဆက်ပြီး အာရုံစိုက်ဖို့ လိုအပ်မယ်လို့ ဂွာဒီယိုလာက မြင်ပါတယ်။ သူကပဲ နှစ်သစ်မှာ ပထမဆုံး ယှဉ်ပြိုင်ရမယ့် အာဆင်နယ်အသင်းကို ချီးကျူးမှုတွေ လုပ်ခဲ့ပါတယ်။

‘ ကျနော်တို့က နောက်ထပ် ၅၄ မှတ် (၁၈ ပွဲ) အတွက် ယှဉ်ပြိုင်ကစားရဦးမှာ ဖြစ်ပါတယ်။ ဒီလိုမျိုး ရမှတ် ၈ မှတ်၊ ၉ မှတ် ကွာဟနေမှာကို မမျှော်လင့်ထားသလို လီဗာပူးက ကျနော်တို့ထက် တစ်ပွဲလျော့ ယှဉ်ပြိုင်ထားရတာဖြစ်ပါတယ်။

နောက်ထပ် ၅၄ မှတ် ယှဉ်ပြိုင်ကစားရဖို့ ရှိနေသေးတာနဲ့အတူ ဒီဇင်ဘာမှာတော့ ဘယ်အသင်းမှ ချန်ပီယံဖြစ်နေမှာ မဟုတ်ပါဘူး။ ကျနော်တို့ကလည်း ပွဲတွေကို အရေးနိမ့်နိုင်ပါသေးတယ်။ အာဆင်နယ်၊ ချယ်ဆီး၊ ဆောက်သမ်တန် ပွဲတွေမှာ ရလဒ် ထိခိုက်တာတွေ ရှိနိုင်ပါတယ်။

လန်ဒန်မှာ အာဆင်နယ်နဲ့ ယှဉ်ပြိုင်ကစားရမယ့် ပွဲတစ်ပွဲ ရှိနေပါတယ်။ အခုချိန်မှာ အာဆင်နယ်က ထိပ်တန်း အသင်းတွေထဲ တစ်သင်းပါ။ ပြောရမယ်ဆိုရင် ကုန်ခဲ့တဲ့ ၄ နှစ်၊ ၅ နှစ်အတွင်း အကောင်းဆုံး အာဆင်နယ်အသင်းကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။

မန်စီးတီးအသင်းသားတွေကို ဂုဏ်ယူကြောင်းထက် ပိုပြီး မပြောနိုင်တော့ပေမယ့် ကျနော်တို့ အာရုံစိုက်ထားရဦးမှာ ဖြစ်ပါတယ် ’ လို့ ဂွာဒီယိုလာက ပြောဆိုခဲ့တာပါ။

မန်စီးတီးဟာ ပုံစံကောင်းတွေ ရနေပြီး နိုင်ပွဲဆက်နေတဲ့ အသင်းဖြစ်ကာ နှစ်သစ်ကူးမှာ သူတို့ ရင်ဆိုင်ရမယ့် အာဆင်နယ်ကလည်း ရလဒ်ကောင်းတွေ ရနေတဲ့ အသင်းဖြစ်တယ်။ အာဆင်နယ်ဟာ မန်စီးတီးပြီးရင် ရလဒ်အကောင်းဆုံး အသင်းအဖြစ် နောက်ဆုံး ယှဉ်ပြိုင်ထားတဲ့ အမှတ်ပေးပွဲ ၅ ပွဲမှာ ၄ ပွဲထိ အနိုင်ရထားပါတယ်။

ရလဒ်တွေကောင်းနေတဲ့ အာဆင်နယ်ဟာ အမှတ်ပေးဇယား ဒုတိယနဲ့ တတိယနေရာက အသင်းတွေနဲ့လည်း အမှတ် ကွာဟမှုတွေ ကြီးမားနေခြင်း မရှိတော့ဘဲ ဒီရာသီမှာ အဆင့် ၄ နေရာထက်ပိုပြီး တက်လှမ်းနိုင်ဖို့ မျှော်လင့်နိုင်နေတဲ့ အသင်းလည်း ဖြစ်ပါတယ်။