အသင်းတစ်သင်းရနိုင်တဲ့ အကောင်းဆုံး အောင်မြင်မှုကို မန်စီးတီး ရရှိခဲ့ပြီလို့ ဂွာဒီယိုလာ ချီးကျူး

မန်စီးတီးက ဘရန့်ဖိုဒ့်ကို ၁-၀ ဖြင့် အနိုင်ရတဲ့နောက် ပြက္ခဒိန်နှစ် တစ်ခုအတွင်းမှာ နိုင်ပွဲ ၃၆ ပွဲ ရယူနိုင်ခဲ့ပြီး အင်္ဂလန်လိဂ်မှာ စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။

ဂွာဒီယိုလာက ဒီမှတ်တမ်းကပဲ သူ့အသင်းဟာ ၃၆၅ ရက် တစ်နှစ်ပတ်လုံး စွမ်းဆောင်ရည် တည်ငြိမ်တယ်ဆိုတာကို ပြသနေတာဖြစ်ပြီး ဒီလို တစ်နှစ်လုံး စွမ်းဆောင်ရည် တည်ငြိမ်ခြင်းကပဲ အသင်းတစ်သင်း ရယူနိုင်တဲ့ အမြင့်ဆုံး အောင်မြင်မှုဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုပါတယ်။

ဘရန့်ဖိုဒ့်ပွဲအပြီးမှာ ဂွာဒီယိုလာ ” အရေးအကြီးဆုံးကတော့ ကျနေ်ာတို့ အဆင်သင့်ရှိနေတာဖြစ်ပြီး ရလဒ်တွေ ရယူနိုင်သလို အကောင်းဆုံး ကစားနေနိုင်တာပါ။ ပြိုင်ဘက်အသင်းတွေက မယုံနိုင်လောက်အောင် ဖိအားပေး ကစားလာခဲ့တဲ့ ပွဲစဉ်တွေ ရှိနေပါတယ်။ အဲ့တာက ခက်ခဲပါတယ်။

ထိပ်တိုက်ယှဉ်ပြိုင်မှုအဖြစ် အသင်းတွေက ခံစစ်ကို အထိုင်ချထားပြီး ကစားဖို့ ဆုံးဖြတ်လာချိန်မှာ အသင်းသား ၁၁ ယောက်လောက်ကလည်း ၁၈ ကိုက်စည်းအတွင်းမှာ စိတ်ရှည်ရှည်ထားပြီး ကစားဖို့ လိုအပ်ပါတယ်။

ပြက္ခဒိန်နှစ်တစ်ခုအတွင်း နိုင်ပွဲ အများဆုံးရ ပရီးမီးယားလိဂ်အသင်း ဖြစ်လာတယ်ဆိုတာက ဒီနှစ်မှာ ကျနေ်ာတို့ ဘယ်လောက်ထိ ကောင်းနေသလဲအပေါ် မူတည်ပါတယ်။ ကျနေ်ာတို့ ပရီးမီးယားလိဂ်နဲ့ ကာရာဘောင်းဖလား အနိုင်ရခဲ့တယ်။ ချန်ပီယံလိဂ်မှာ ဗိုလ်လုပွဲ ရောက်ခဲ့တယ်။ ဒါကပဲ ကြီးမားတဲ့ အောင်မြင်မှုဖြစ်ပါတယ်။

ဒီလိုအဆင့်မှာ အောင်မြင်မှုတွေ ရတယ်ဆိုတာက တစ်ညတည်းနဲ့ ဖြစ်လာတဲ့ ရလဒ်တွေ မဟုတ်ပါဘူး။ ၃၆၅ ရက်လုံး တသမတ်တည်း ရလဒ်တွေကောင်းခဲ့ခြင်းကြောင့် ဖြစ်ပါတယ်။ ဒါကပဲ အသင်းအနေနဲ့ ကျနေ်ာတို့ ရနိုင်တဲ့ အကောင်းဆုံးအောင်မြင်မှုပဲ ဖြစ်ပါတယ် ” လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။

မန်စီးတီးဟာ ၂၀၂၁ ကို အမှတ်ပေးဇယားအား ၈ မှတ်ဖြတ်ထားခြင်းဖြင့် ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်တယ်။ ချယ်ဆီးနဲ့ လီဗာပူးတို့ ရလဒ်တွေ ထိခိုက်နေပေမယ့်လည်း ဂွာဒီယိုလာရဲ့အသင်းက စွမ်းဆောင်ရည် တည်ငြိမ်မှုနဲ့အတူ ရာသီဝက်ချန်ပီယံနေရာကို ခိုင်ခိုင်မာမာ ရယူလာခဲ့ပြီ ဖြစ်ပါတယ်။