မန်စီးတီးကို ရင်ဆိုင်ရမယ့်ပွဲမှာ အာဆင်နယ်ကို ကိုင်တွယ်ပေးနိုင်တော့မှာ မဟုတ်တဲ့ အာတီတာ

ရလဒ်တွေကောင်းနေတဲ့ အာဆင်နယ်အတွက် သတင်းဆိုးအဖြစ် နည်းပြအာတီတာဟာ နှစ်သစ်ကူးမှာ ယှဉ်ပြိုင်ရမယ့် မန်စီးတီးနဲ့ပွဲကို ကိုင်တွယ်နိုင်တော့မှာ မဟုတ်ပါဘူး။

အာဆင်နယ်အသင်းကပဲ ” မန်စီးတီးကို ရင်ဆိုင်ရမယ့် နှစ်သစ်ကူးနေ့ပွဲမှာ အာတီတာက ကိုဗစ်-၁၉ ပိုးတွေ့ရှိမှုကြောင့် လွဲချော်သွားပါမယ်။ မီခေးက အာဏာပိုင်တွေရဲ့ လမ်းညွှန်ချက်အတိုင်း သီးသန့်ခွဲနေနေပြီး သူအဆင်ပြေစေဖို့ ကလပ်က ဆုတောင်းပေးပါတယ် ” လို့ ဖော်ပြသွားခဲ့တယ်။

အာတီတာဟာ ကိုဗစ်ကြောင့် ကွာရန်တင်း တစ်ပတ်ဝင်ရမှာဖြစ်ပြီး လာမယ့် ၇ ရက်အတွင်း သူ့ရဲ့ စစ်ဆေးမှုမှာ ပိုးမတွေ့မှု ဖြစ်ခဲ့မယ်ဆိုရင် တစ်ပတ်အတွင်း အသင်းထံ ပြန်လာနိုင်မှာဖြစ်တယ်။ မဟုတ်ခဲ့ရင်တော့ ၁၀ ရက် ကွာရန်တင်း ဝင်ရမှာဖြစ်ပါတယ်။

အာတီတာဟာ မန်စီးတီးပွဲအပြင် ဇန်နဝါရီလ ၆ ရက်နေ့မှာ ရင်ဆိုင်ရမယ့် လီဗာပူးအသင်းနဲ့ ကာရာဘောင်း ဆီမီးဖိုင်နယ်ပွဲမှာ ပါဝင်ပေးနိုင်မလားဆိုတာ သူ့ရဲ့ အခြေအနေကို စောင့်ကြည့်ရမှာဖြစ်တယ်။ ဒီရာသီ အမှတ်ပေးလိဂ်မှာ အဆင့် ၄ နေရာက ရပ်တည်နေတဲ့ အာဆင်နယ်ဟာ လိဂ်ဦးဆောင်သူ မန်စီးတီးနောက် ၁၂ မှတ်အကွာမှာ ရှိနေတာဖြစ်ပါတယ်။

ရလဒ်တွေကောင်းနေတဲ့ အာဆင်နယ်ဟာ အာတီတာ မရှိဘဲ လိဂ်ဦးဆောင်သူ ကလပ်ကို ရင်ဆိုင်ရမှာဖြစ်လို့ အခက်အခဲတွေ ရင်ဆိုင်ရနိုင်တယ်။ မန်စီးတီးမန်နေဂျာဂွာဒီယိုလာရဲ့ လက်ထောက်ဟောင်းဖြစ်သူ အာတီတာဟာ မန်ချက်စတာ ကလပ်ကို ပြန်လည်ရင်ဆိုင်တိုင်း ရလဒ်မကောင်းတဲ့ မှတ်တမ်းဆိုး ရှိထားတာဖြစ်ပါတယ်။