စပါးရဲ့ တိုးတက်လာတဲ့ ကစားဟန်ကို တူချယ်ရဲ့ ချယ်ဆီး၊ ကွန်တီလက်ထက် ချယ်ဆီးဖြင့် ကာရေဂါ နှိုင်းယှဉ်ပြ

အန်တိုနီယို ကွန်တီဟာ စပါးကို ပြောင်းလဲပေးခဲ့တဲ့ ထိပ်တန်းနည်းပြတစ်ယောက်ဖြစ်ပြီး အသင်းအတွက် ထိပ်ဆုံးလေးနေရာကို စိန်ခေါ်နိုင်စေဖို့ ကူညီပေးနိုင်တယ်လို့ ဂျေမီကာရေဂါက ဆိုပါတယ်။

စပါးဟာ နိုဝင်ဘာလအစမှာ ကွန်တီကို ခန့်အပ်ခဲ့တုန်းက အဆင့် ၉ ရောက်နေခဲ့ပေမယ့် နည်းပြသစ်နဲ့ ယှဉ်ပြိုင်ကစားထားတဲ့ ပရီးမီးယားလိဂ်ပွဲ ၇ ပွဲမှာ ၁၅ မှတ်ရယူနိုင်ခဲ့ပြီး အဲ့ဒီ့ကာလအတွင်း ပြိုင်ပွဲတွေမှာ လုံးဝမရှုံးထားတဲ့ ဖြစ်နေပါတယ်။

ကာရေဂါက “ ကြီးမားတဲ့ အချိုးအကွေ့တစ်ခု ရှိခဲ့တယ်။ နူနိုဆန်တို လက်အောက်မှာ သူတို့ဟာ အတော်လေးကို ပုံမှန်ခြေစွမ်းအောက် ကျဆင်းနေခဲ့တာပါ။ ဒါကို သံသယဖြစ်စရာ မရှိပါဘူး။ ဒါပေမယ့် အခုအနေအထားနဲ့ ယှဉ်ကြည့်ရင် တော်တော်လေး တိုးတက်လာတာကို တွေ့ရမှာပါ။

ဂိုးပေးရတဲ့အပိုင်းတွေမှာ တိုးတက်လာခဲ့တယ်။ သူတို့ဟာ ဇယားအောက်ခြေပိုင်းနဲ့ နီးစပ်ခဲ့ပေမယ့် အခု ဇယားထိပ်ပိုင်းနဲ့ နီးစပ်လာတယ်။ ကွင်းထဲက အကွာအဝေးတွေကို ကာဗာနေနိုင်ခြင်းက လူတိုင်း ပြောနေကြတဲ့ အကြောင်းအရာပါ။ ဘာလို့လဲဆိုတော့ နာမည်တူ၊ ကစားသမားတွေတူပေမယ့် လုံးဝ ပြောင်းလဲသွားတဲ့ အသင်းတစ်သင်းအကြောင်းကို ပြောနေသလို ခံစားရပါတယ် ” လို့ ပြောပါတယ်။

စပါးဟာ နူနိုလက်အောက် တစ်ပွဲပျမ်းမျှ ၁၀၀ ကီလိုမီတာသာ ပြေးလွှားခဲ့ပြီး ပရီးမီးယားလိဂ် အသင်းအားလုံးရဲ့ အချက်အလက်တွေထဲမှာ အနည်းဆုံး ဖြစ်ခဲ့တာပါ။ ကွန်တီလက်အောက်မှာတော့ ၁၁၄ ကီလိုမီတာက ရောက်ခဲ့ပြီး ဒါက မြင့်မားတဲ့ ရပ်တည်မှုတစ်ခု ဖြစ်ပါတယ်။

“ ဒါက ကွန်တီလုပ်ခဲ့တဲ့ အကျိုးသက်ရောက်မှုပဲ။ သူတို့ရဲ့ ပွဲစဉ် အများအပြားက အိမ်ကွင်းပွဲပါလို့ ပြောနိုင်ပါတယ်။ နူနိုအတွက်တော့ ပိုခက်ခဲတဲ့ပွဲတွေနဲ့ စတင်ခဲ့ရတယ်။ ဒါပေမယ့် အခု သူတို့မှာ တဆင့်ပိုမြင့်တဲ့ နည်းပြရှိနေပြီဆိုတာ သံသယဖြစ်စရာမရှိပါဘူး ” လို့ ကာရေဂါက ဆိုတယ်။

ကွန်တီဟာ ချယ်ဆီးမှာ ၂၀၁၇ ပရီးမီးယားလိဂ်ဖလား အောင်မြင်ခဲ့စဉ်ကအတိုင်း တောင်ပံအစွန် နည်းစနစ်ကို ပြန်လည်အသုံးပြုခဲ့တာပါ။ ဒါက ကစားသမားတွေနဲ့ အံဝင်ခွင်ကျ ဖြစ်တဲ့ပုံပါပဲ။

“ ပြီးခဲ့တဲ့အပတ်က သူတို့ပွဲကို ကြည့်လိုက်ရတာ ကွန်တီလက်အောက်က ချယ်ဆီးအသင်း၊ ဒါမှမဟုတ် အခု တူချယ်လက်အောက် ၃-၄-၃ နဲ့ ချယ်ဆီးအသင်းကို မြင်လိုက်ရသလိုပဲ။ လူးကပ် မော်ရာ၊ ဆွန်ယောင်မင်၊ ဟယ်ရီကိန်းတို့က ရှိန်လောက်တဲ့ တိုက်စစ်သုံးယောက်ပါ။ သူတို့တွေက အရှေ့တက်ပြီး ဖြန့်ကစားတတ်တဲ့ တောင်ပံအစွန် ကစားသမားတွေပါ။

နံပါတ် ၁၀ နှစ်ယောက်ထားတာက ရွေးရခက်စေတယ်။ ပြိုင်ဘက် နောက်တန်းတစ်ယောက် အနေနဲ့ တောင်ပံအစွန် ကစားသမားကို ထိန်းမလား၊ နံပါတ် ၁၀ နဲ့ ထိန်းမလားဆိုတာ မသဲကွဲတော့ဘူး။ အဲ့တော့ တောင်ပံအစွန်အတွက် အပြင်ဘက်မှာ နေရာလွတ်ရသွားတယ်။

တူချယ်ရဲ့ အသင်းမှာ ဒါမျိုးကို အများကြီး တွေ့ရပါတယ်။ ကွန်တီရဲ့အသင်း၊ အခု ချယ်ဆီးအသင်းနဲ့ ရင်ဆိုင်ရတဲ့အခါ နေရာလွတ်က တောင်ပံအစွန်ဆီမှာ ရှိနေတာ မကြာခဏ တွေ့ရတယ်။ ချယ်ဆီးမှာဆိုရင် အလွန်ဆို၊ ရိစ်ဂျိမ်းတို့ စပါးမှာဆိုရင် ရက်ဂီလွန်တို့လိုပေါ့။ ဒီလို ထိပ်တန်းအသင်းတွေကို နောက်တန်းလေးယောက်နဲ့ ရင်ဆိုင်ရတဲ့အခါ တကယ်ကို ခက်ခဲပါတယ် ” လို့ ကာရေဂါက မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။