ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ခေါ်ယူမှုအဖြစ် ဂန်းနားအသင်းသားကို ကာရေဂါ ရွေးချယ်

ဂျေမီ ကာရေဂါဟာ ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ခေါ်ယူမှုအဖြစ် အာဆင်နယ်ဂိုးသမား ရမ်စ်ဒေးကို ရွေးချယ်ခဲ့ပြီး ဂန်းနားတွေအတွက် ဂိုးသမားလေးရဲ့ စွမ်းဆောင်ပြနိုင်စွမ်းတွေအပေါ် အံ့အားသင့်ခဲ့ရတယ်လို့ ဝန်ခံခဲ့ပါတယ်။

ရမ်စ်ဒေးဟာ ပရီးမီးယားလိဂ် အသင်းဟောင်းတွေဖြစ်တဲ့ ဘုန်းမောက်၊ ရှက်ဖီးတို့နဲ့အတူ နှစ်နှစ်ဆက် ချန်ပီယံရှစ်ထံ တန်းဆင်းခဲ့ရသူပါ။ ဒီနွေမှာ သူဟာ အံ့အားသင့်ဖွယ် အနေအထားအဖြစ် ပေါင် ၂၅ သန်းနဲ့ အာဆင်နယ်ကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၃ နှစ်အရွယ် ကစားသမားဟာ မျှော်လင့်တာထက် ပိုလုပ်ပြခဲ့ပြီး ဆိုးရွားတဲ့ ရာသီအစ အပြီးမှာ အာဆင်နယ်အသင်း ပြန်လည်ဦးမော့လာမှုအတွက် အရေးပါတဲ့ နေရာကနေ ပါဝင်ခဲ့တယ်။ အခုဆိုရင် အာတီတာရဲ့အသင်းဟာ ပရီးမီးယားလိဂ် အဆင့် ၄ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

ဒါဟာ ဂိုးသမားရဲ့ စွမ်းဆောင်ရည်တွေတင် မဟုတ်ဘဲ သူ့ရဲ့ အကျင့်စရိုက်နဲ့ ကိုယ်ရည်ကိုယ်သွေးကလည်း အထင်ကြီးစရာ ကောင်းခဲ့တယ်လို့ ကာရေဂါက ထင်မြင်ခဲ့ပြီး ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ခေါ်ယူမှုအဖြစ် သတ်မှတ်ခဲ့တာပါ။

“ ကျွန်တော် ရမ်စ်ဒေးကို ရွေးချယ်ပါတယ်။ ဘာလို့လဲဆိုတော့ သူက ကျွန်တော့်အတွက် တကယ့်ကြီးမားတဲ့ အံ့အားသင့်စရာ ဖြစ်ခဲ့တာပါ။ အာဆင်နယ်အသင်း သူ့ကို ဝယ်ယူခဲ့တုန်းက အရန်အနေနဲ့ ထားဖို့လို ကျွန်တော် ထင်ခဲ့တယ်။ ဘာလို့လဲဆိုတော့ သူက ကန့်သတ်မှုများတဲ့ အင်္ဂလန် ကစားသမား ဖြစ်ခဲ့တာပါ။

ရှက်ဖီးနဲ့ ဘုန်းမောက်တို့မှာ သူက အထင်ကြီးစရာ မကောင်းခဲ့ဘူး။ အခုတော့ သူရဲ့ ကာကွယ်မှုတွေတင်မကပဲ သူ့ရဲ့ အရည်အသွေး၊ အကျင့်စရိုက်ကြောင့်ပါ အထင်ကြီးမိပါတယ်။ အာဆင်နယ်ရဲ့ အဝတ်လဲခန်းထဲမှာ လူငယ်ကစားသမားတွေ ရှိနေတယ်။ ဒါပေမယ့် သူတို့က ကြီးမားတဲ့ ကလပ်တစ်ခု ဖြစ်နေဆဲဖြစ်ပြီး လူငယ်ဂိုးသမားတစ်ယောက် အနေနဲ့ သူက အရေးပါခဲ့ပါတယ်။

အရင်က ကျွန်တော် မမြင်ခဲ့တဲ့ အရည်အသွေးတွေ သူ့မှာ ရှိနေတယ်။ ရမ်စ်ဒေးက အာဆင်နယ်အတွက် ကြီးမားတဲ့ အကျိုးသက်ရောက်မှု ပေးခဲ့တာပါ”လို့ ကာရေဂါက ဆိုပါတယ်။

အာဆင်နယ်ဟာ တနင်္ဂနွေနေ့က နောဝစ်ချ်ကို ၅-၀ နဲ့ အနိုင်ရခဲ့တာက ၎င်းတို့ရဲ့ ပြိုင်ပွဲစုံ ၅ ပွဲဆက် နိုင်ပွဲ ဖြစ်ခဲ့ပါတယ်။ ဂန်းနားတွေအတွက် ပရီးမီးယားလဂ် ၁၆ ပွဲအတွင်း ရမ်စ်ဒေးရဲ့ ၉ ကြိမ်မြောက် clean sheet လည်း ဖြစ်ခဲ့ပြီး အာဆင်နယ်ဟာ အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ခိုင်ခိုင်မာမာ ရပ်တည်နေတာဖြစ်ပါတယ်။