နှစ်သစ်ကူးတာနဲ့ ချယ်ဆီး ရင်ဆိုင်ရတော့မယ့် ပြဿနာတွေကို ဟက်ဆယ်ဘိန့် ထောက်ပြ

ချယ်ဆီးဟာ နှစ်သစ်မှာ ရလဒ်ကောင်းတွေဖြင့် အသင်းရဲ့ အနေအထားကို မြှင့်တင်နိုင်ဖို့ မပြီးပြတ်သေးတဲ့ နောက်ခံလူတွေရဲ့ စာချုပ်ကိစ္စတွေကို ပြတ်ပြတ်သားသား မကိုင်တွယ်ရင် စိုးရိမ်စရာတွေဖြစ်လာမယ်လို့ ကစားသမားဟောင်း ဟက်ဆယ်ဘိန့်က ဆိုပါတယ်။

ချယ်ဆီးဟာ မကြာသေးမီက အပတ်တွေအတွင်း ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ ခြေချော်ခဲ့ပြီး မန်စီးတီးနဲ့ ၆ မှတ်အကွာ၊ အဆင့် ၃ နေရာမှာ ရပ်တည်နေတာပါ။ တူချယ်လက်အောက် ပုံမှန်အားဖြင့် တောင့်တင်းမှုရှိခဲ့တဲ့ ချယ်ဆီး ခံစစ်က ယိုင်နဲ့လာခဲ့ပြီး ဝုဗ်နဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ ပွဲဟာ နောက်ဆုံး ပရီးမီးယားလိဂ် ၇ ပွဲအတွင်း သူတို့ရဲ့ တစ်ပွဲတည်းသော clean sheet ဖြစ်ခဲ့ပါတယ်။

ကလပ်အားလုံးလိုပဲ ချယ်ဆီးဟာ ကိုဗစ်ဒဏ်ကြောင့် ဖြစ်လာတဲ့ အခက်အခဲတွေကို ဖြေရှင်းနေရပေမယ့် အဓိက ပြဿနာကြီးက ရူဒီဂါ၊ ခရစ္စတန်ဆန်၊ ဆေးဗားနဲ့ ကွီတာတို့ အားလုံးဟာ ဇူလိုင် ၁ ရက်မှာ စာချုပ်သက်တမ်းကုန်ဆုံးကြတော့မှာ ဖြစ်ပါတယ်။ သူတို့လေးယောက်ရဲ့ စာချုပ် အခြေအနေတွေက မတူပေမယ့် အားလုံးက ပထမဦးစားပေး နောက်ခံလူတွေဖြစ်နေတာက တူချယ်အတွက် ပြဿနာတစ်ခုအဖြစ် မြင်နိုင်ပါတယ်။

ကွီတာ (၃၂နှစ်) နဲ့ ဆေးဗား (၃၇နှစ်) တို့ရဲ့ အသက်အရွယ်အရ အခြေအနေက သူများနဲ့ မတူပေမယ့် ရူဒီဂါနဲ့ ခရစ္စတန်ဆန်တို့ ကိစ္စကိုတော့ မြန်မြန် ဖြေရှင်းဖို့ လိုအပ်တယ်လို့ ချယ်ဆီး တိုက်စစ်မှူးဟောင်း ဟက်ဆယ်ဘိန့်က ယုံကြည်နေတာပါ။

သူတို့တွေက နှစ်သစ်မှာ တခြားကလပ်တွေနဲ့ အကြိုစာချုပ်အတွက် ဆွေးနွေးနိုင်တေ့ာမှာ ဖြစ်သလို ချယ်ဆီးအတွက် ဒုက္ခရောက်စရာ ဖြစ်သွားနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။

“ ရူဒီဂါနဲ့ ခရစ္စတန်ဆန်တို့က မတ်၊ ဧပြီ၊ မေလတွေမှာ စာချုပ်သစ်ကို လက်မှတ် မထိုးခဲ့ဘူးဆိုရင် ပြဿနာ ရှိလာမှာပါ။ ဘာလို့လဲဆိုတော့ သူတို့ အသင်းသစ်ရသွားရင် ဘယ်လိုဖြစ်သွားမလဲ? သူတို့ ဘယ်လို စိတ်နှစ်ပြီးကစားမှာလဲ? ဒါက ပြဿနာတစ်ခု ဖြစ်လာပါလိမ့်မယ်။

ချယ်ဆီးက ရူဒီဂါကို ဆက်ထိန်းသိမ်းနိုင်မလား။ အဲ့ဒီ့အတွက် ဟန်ချက်ညီမျှမှုက ဘာဖြစ်မလဲ။ သူ့နေရာအတွက် တိုက်ရိုက် အစားထိုးမယ့် ခံစစ်သမား ရှာဖွေမယ်ဆိုရင်တော့ ပိုက်ဆံအများကြီး ကုန်ကျလိမ့်မယ်။ ဒါပေမယ့် တဖက်မှာ အသင်းက သူ့ကို လုပ်ခ ပမာဏအများကြီး မပေးချင်ဘူး။ ဒါကြောင့် စဉ်းစားရမယ့် ကိစ္စတွေ အများကြီးရှိပါတယ်။

ရူဒီဂါနေရာကို အစားထိုးနိုင်မှာလား။ အစားထိုးစရာရှိပြီလား။ အဲ့ဒီ့ ကစားသမားက အကယ်ဒမီကနေ အသင့် ဝင်ကစားနိုင်မယ့်သူလား။ ဈေးကွက်ထဲကနေ ဝယ်ပြီးတော့ တိုးတက်အောင် ပျိုးထောင်ပေးရမယ့်သူလား။ ချယ်ဆီးက နောက်ထပ် ရူဒီဂါတစ်ယောက် ရရှိဖို့ဆိုရင် ၂နှစ်လောက် အချိန်ယူရမှာ အသေအချာပဲ။

ချယ်ဆီးက လွယ်ကူတဲ့ အနေအထားမှာ ရှိမနေဘူး။ ဒါက အရမ်းခက်ခဲပါတယ်။ ရူဒီဂါအတွက်ကျတော့ ပိုကောင်းတဲ့ အနေအထားမှာ ရှိနေတယ်။ သူက သူ့ဘာသာသူ အကောင်းဆုံး လုပ်ပြနိုင်ဖို့ပဲလိုတယ်။ ပြီးရင် သူက သူ့အတွက် အကောင်းဆုံးဖြစ်မယ့် အရာကို ရွေးချယ်သွားရုံပဲ။ အဲ့တော့ သူ ရီးရဲလ်မက်ဒရစ်ကိုလည်း ရောက်သွားနိုင်ပါတယ်”လို့ ဟက်ဆယ်ဘိန့်က ပြောခဲ့တာဖြစ်ပါတယ်။