တူချယ်ကို ထောက်ခံလိုက်ပြီး ကြားက ကန့်ကွက်နေတဲ့ အသင်းတွေကို စိတ်ပျက်နေတဲ့ ကလော့ပ်

ချယ်ဆီးနည်းပြ တူချယ်က ကိုဗစ်ကာလမှာ ကစားသမားတွေအတွက် မမျှမတဖြစ်နေတဲ့ ပရီးမီးယားလိဂ် စည်းမျဉ်းဖြစ်တဲ့ လူစားလဲမှု ၃ ခုပဲ လုပ်ခွင့်ရနေခြင်းကို ၅ ခုအထိ ပြောင်းလဲ လုပ်ခွင့်ပေးဖို့ တောင်းဆိုထားခဲ့တယ်။

မန်စီးတီးနည်းပြ ဂွာဒီယိုလာကလည်း အလားတူ ထုတ်ပြောထားခဲ့ပြီး အခြားသော ဥရောပလိဂ်တွေ နည်းတူ လူစားလဲမှု နောက်ထပ် ၂ ခုကို တိုးမြှင့် ရလိုနေပါတယ်။ ပြိုင်ဘက် နည်းပြတွေရဲ့ အမြင်ကို ကလော့ပ်ကလည်း ထောက်ခံပေမယ့် ဘန်လေ အပါအဝင် အသင်းငယ်တွေက ကန့်ကွက်ထားတာကြောင့် ဖြစ်လာမယ် မထင်ပါဘူးလို့ ပြောဆိုခဲ့ပါတယ်။

ကလော့ပ်က ‘ လူစားလဲမှု ထပ်တိုးရေးကို ကျနော် ထောက်ခံပါတယ်။ ဒီတော့ ပြိုင်ဆိုင်မှုကို ဘေးဖယ်ထားရအောင်လားဗျာ။ မန်စီးတီးရဲ့ အရန်စာရင်းကတောင် ဆောက်သမ်တန်ထက် ပိုကောင်းတယ်တို့၊ ကျနေ်ာတို့ အသင်းရဲ့ အရန်စာရင်းက ဘန်လေထက် ပိုကောင်းတယ်တို့ အဲ့လိုတွေ မလုပ်ကြရအောင်လား။

အဲ့တာက မှားတယ်တော့ မဟုတ်ပါဘူး။ အဲ့လို ပြောတာတွေလည်း မှန်ပါတယ်။ ပရီးမီးယားလိဂ်မှာက သူတို့တွေဟာ ကျနေ်ာတို့ကို ဒုက္ခတွေ ပေးနိုင်နေဆဲပါ။ အခြေအနေတွေနဲ့ ပတ်သက်ပြီး အပြောင်းအရွှေ့မှာ လူခေါ်လိုက်လေဆိုတာနဲ့ပဲ ကိစ္စတွေက ပြီးသွားတာ မဟုတ်ပါဘူး။

ပြဿနာက အင်္ဂလန် ထိပ်တန်းအဆင့် ဘောလုံးပွဲတွေရဲ့ ပြင်းထန်မှုတွေကပဲ ကျဉ်းထဲကျပ်ထဲကို ရောက်နေစေတာပါ။ အင်္ဂလန်မှာက ပရီးမီးယားလိဂ်ပွဲ ၃၈ ပွဲနဲ့ နောက်ထပ် ဖလားပြိုင်ပွဲ နှစ်ခု ယှဉ်ပြိုင် ကစားရတယ်။ ဒီတော့ ဗိုလ်လုပွဲထိ မရောက်ရင်တောင်မှပဲ နောက်ထပ် ၅ ပွဲလောက်တိုးပြီး ၄၃ ပွဲထိ ယှဉ်ပြိုင်နေရတာပါ။

လက်ရွေးစင်အသင်းတွေ ယှဉ်ပြိုင်ရတဲ့ လက်ရွေးစင်အဆင့်ပွဲတွေလည်း ရှိသေးတယ်။ အားလုံးကလည်း ကိုယ်လက်ရွေးစင်အသင်းအတွက် အစွမ်းကုန် ကစားပေးလိုကြတယ်။ ဒီတော့ တစ်နှစ်ကို ၈ ပွဲကနေ ၁၀ ပွဲထိ နိုင်ငံပွဲရှိတာကိုလည်း ထည့်ရေတွက်လို့ ရပါတယ်။

ပြီးရင်ဗျာ ချန်ပီယံလိဂ်ရှိတော့ ပွဲတွေက ပိုများလာပါတယ်။ ဒီတော့ တစ်ရာသီကို ပွဲ ၅၀ ဝန်းကျင်လောက် ကစားရတာပေါ့။ ပွဲတွေက ပိုလည်း များနိုင်ပါတယ်။ ကျနော်ရဲ့ ပထမဆုံး လီဗာပူးနည်းပြဘဝ ယူရိုပါလိဂ် ဗိုလ်လုပွဲဟာဆိုရင် ကလပ်ရဲ့ အဲ့ရာသီ ၆၄ ပွဲမြောက်ပွဲ ဖြစ်ခဲ့တာပါ။

လူစာရင်းကို ချိန်းဖို့လိုလာတယ်။ ဒီကြားထဲ အဓိက ကစားသမားတွေ ဒဏ်ရာကြောင့် အနားယူရနိုင်တာတွေရှိတယ်။ အခု လူစားလဲမှု အပိုထပ်တိုးဖို့ကို ဆုံးဖြတ်ကြပြီး မန်နေဂျာအစည်းအဝေးမှာ ဒါကို ဆွေးနွေးကြတယ်။ ဆွေးနွေးမှုအတွက် ကလပ် ၁၄ သင်းက ထောက်ခံဖို့လိုတယ်။ မဲ ၁၄ မဲလိုတယ်။ အဲ့မှာတင် မှားနေပါပြီ။

ဥပမာ ဘန်လေဗျာ။ လက်ရွေးစင်ပွဲတွေအတွက် သူတို့ ဘယ်နှစ်ယောက် စေလွှတ်ရလဲ ကျနော် မသိဘူး။ ကျနေ်ာတို့တွေ သုံးရက် တစ်ပွဲ ကစားနေချိန် သူတို့က ပရီးမီးယားလိဂ်ပွဲ ၃၈ ပွဲပဲ ကစားရတယ်။ ဖလားပွဲတွေမှာ နောက် ၃ ပွဲ၊ ၄ ပွဲ ထပ်ပေါင်းဗျာ ၄၂ ပွဲလောက်ပဲ ကစားရပါတယ်။

ဒီတော့ ကျနေ်ာတို့ ပြောနေတဲ့ ပြဿနာတွေက အချို့အသင်းမှာ ရှိမယ်၊ အချို့အသင်းမှာ မရှိဘူး။ ဒါပေမယ့် အဆုံအဖြတ်ဖြစ်လာတော့ အခြားအသင်းတွေက ဆုံးဖြတ်လိုက်ကြတယ်။ လူစားလဲမှု ထပ်တိုးမယ်ဆိုတော့ အခြားအသင်းတွေက “မရဘူးနော် သူတို့က ငါတို့ထက် လူစာရင်း ပိုကောင်းတယ်” လုပ်ကြတယ်။ အဲ့တာကပဲ တကယ့် ပြဿနာဖြစ်နေတာလို့ပဲ ပြောချင်ပါတယ်။

အခုချိန်မှာ လူစားလဲမှု ၅ ခု လုပ်ခွင့်ပေးဖို့က မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပါ။ ကိုဗစ် ကူးစက်မှုကနေ ပြန်သက်သာလာတဲ့ ကစားသမားတွေကို ပွဲတွေ အများကြီး ချက်ချင်း ပေးကစားလို့ မရပါဘူး။ အခုတော့ ကမ္ဘာအကောင်းဆုံးပါဆိုတဲ့ ပရီးမီးယားလိဂ် တစ်ခုကပဲ လူစားလဲမှု ၃ ခုကို ဆက်လက် ကျင့်သုံးနေတာပါ။ အဲ့တာ မမှန်ပါဘူးဗျာ။

ဒါပေမယ့် ပရီးမီးယားလိဂ် အကြီးအကဲက မဲခွဲမှုကနေပဲ ဆုံးဖြတ်ရမယ် မဟုတ်ရင် သူလည်း မတတ်နိုင်ပါဘူးတဲ့။ ဒီတော့ လူစားလဲမှု ၅ ခုက ဖြစ်လာနိုင်လားဆိုရင် မဖြစ်လာနိုင်ဘူးလို့ပဲ ပြောချင်ပါတယ် ’ လို့ ပြောပြသွားတာ ဖြစ်ပါတယ်။