နယူးကာဆယ်ပွဲမှာ မြင်ရတဲ့ ကောင်းကွက်ကို မန်ယူနိုက်တက်နည်းပြ ရန်းနစ် ပြောပြလာ

နယူးကာဆယ်နဲ့ ယူနိုက်တက်တို့ ၁-၁ သရေကျတဲ့ပွဲအပြီး စွမ်းဆောင်ရည်အတွက် စိတ်တိုင်းမကျပေမယ့်လို့ အကောင်းမြင်စရာတွေ ရှိလာနေတယ်လို့ ယူနိုက်တက် နည်းပြ ရန်းနစ်က ပြောပါတယ်။

ပွဲအစ ၆ မိနစ်မှာတင် စိန့်မက်ဆီမန်က ဦးဆောင်ဂိုး ရယူခဲ့ပြီး ဒုတိယပိုင်းမှာ လူစားဝင်လာတဲ့ တိုက်စစ်မှူး ကာဗာနီက ခြေပဂိုး ပြန်သွင်းနိုင်လို့ ယူနိုက်တက်တို့ သရေတစ်မှတ် ရခဲ့တာပါ။ ဒီပွဲမှာတော့ နယူးကာဆယ်ဟာ ယူနိုက်တက်ကို သူတင်ကိုယ်တင် ကစားပြခဲ့ပြီး မန်ချက်စတာကလပ်ဟာ ဆိုးရှား မရှိတဲ့နောက်ပိုင်း ရလဒ်ကောင်း၊ ပုံစံကောင်းတွေရဖို့ ကြိုးစားနေရဆဲဖြစ်ပါတယ်။

ပွဲအပြီးမှာ နည်းပြ ရန်းနစ်က ” စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့ ကျနော် မပျော်ပါဘူး။ ကျနေ်ာတို့က အမှားတွေ သိပ်များခဲ့သလဲ အစောပိုင်း ဂိုးပေးခဲ့ရတာကလည်း ပွဲကစားရတာကို မလွယ်စေပါဘူး။ ပထမပိုင်းမှာ ကျနော်တို့ ရုန်းကန်ခဲ့ရတယ်။

ဒုတိယပိုင်းမှာ ပိုကောင်းလာပေမယ့်လို့ အင်အားပြည့် ကစားနိုင်မှုနဲ့ ရုပ်ပိုင်းဆိုင်ရာမှာ မေးခွန်းတွေဖြစ်နေခဲ့တယ်။ အဲ့အပိုင်းတွေမှာ ပိုကောင်းလာဖို့ လိုပါတယ်။ ဆင်ခြေတွေ ပေးနေရဖို့ မသင့်ပါဘူး။ လျှင်မြန်မှု၊ တန်ပို၊ ရစ်သမ်နဲ့ အကူးအပြောင်း ပုံစံတွေအတွက် တောင်းဆိုမှုကို ကျနေ်ာတို့ ရင်ဆိုင်ခဲ့ရတယ်။

ကျနော်တို့ ဂိုးသွင်းဖို့ အခွင့်အရေးတွေ ရသလိုပဲ နယူးကာဆယ်ဘက်ကလည်း အခွင့်အရေးတွေ ရပါတယ်။ ဒီပွဲမှာ ကောင်းမွန်တဲ့ ကိစ္စကတော့ ၁-၀ ဖြင့် အရေးနိမ့်နေချိန်မှာ ရမှတ် တစ်မှတ် ရခဲ့တာပါပဲ။ ဒါပေမယ့် စွမ်းဆောင်ရည်က ပိုကောင်းလာရပါမယ်။

ကာဗာနီက ထိပ်တန်း တိုက်စစ်သမားဖြစ်ပေမယ့် ဒဏ်ရာရနေခဲ့တယ်။ သူ့ကို ဒုတိယပိုင်းမှာ လူစားဝင် ကစားစေခဲ့တာက ကောင်းတဲ့ကိစ္စပါပဲ။ ကျနော်တို့ ခြေလှမ်းတွေ ဆက်လှမ်းရပါမယ်။ ဒီနေ့က ရှေ့ဆက်တိုးနိုင်တဲ့ ခြေလှမ်း မဟုတ်ခဲ့ဘူး။ ဘောလုံးဆုံးရှုံးမှုတွေနဲ့ အမှားလုပ်မှုတွေကို လျော့ချပြီး လိုအပ်တဲ့ တိုးတက်မှုတွေကို ဆက်လုပ်နိုင်ရပါမယ်။

ကျနေ်ာတို့ တစ်ပွဲချင်း အာရုံစိုက် ယှဉ်ပြိုင်ရမယ်။ ရုပ်ပိုင်းဆိုင်ရာ အားပြုရမယ့် ဘန်လေနဲ့ ဝုဗ်ပွဲတွေ လာပါတော့မယ်။ ရလဒ်တွေကတော့ လမ်းကြောင်းမှန်ပေါ် သွားနေပါတယ်။ ဒါပေမယ့် ဒီနေ့ပွဲမှာ ပြသခဲ့တာထက်တော့ ကျနေ်ာတို့ ပိုကောင်းလာနိုင်ပါသေးတယ် ” လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။