တိုက်စစ် ရုံခါမယ့် အနေအထားအတွက် ပရီးမီးယားလိဂ် တိုက်စစ်သမား နှစ်ဦးကို လီဗာပူး ချိန်ရွယ်

လီဗာပူးအသင်းဟာ လာမယ့် ဈေးကွက်တွေမှာ တိုက်စစ်ပိုင်းအတွက် အင်အားဖြည့်ဖို့ ပရီးမီးယားလိဂ်မှာ ကစားနေတဲ့ တိုက်စစ်သမားတွေကို ခြေရာကောက်နေတယ်လို့ သိရတယ်။

လီဗာပူးဘက်က အဓိက စိတ်ဝင်စားနေတဲ့ တိုက်စစ်သမားတွေက ဝက်ဟမ်းမှ ဘိုဝန်နဲ့ လိဒ်ယူနိုက်တက်မှ ရာဖင်ဟာတို့ ဖြစ်ပါတယ်။ သူတို့ နှစ်ဦးဟာ ဒီရာသီ သက်ဆိုင်ရာ ကလပ်တွေမှာ ခြေစွမ်းပြနေသူတွေဖြစ်သလို အသက် ၂၅ နှစ်အရွယ် အရွယ်ကောင်း တိုက်စစ်သမားတွေ ဖြစ်ကြပါတယ်။

ဆာလာ၊ မာနေး၊ ဖာမင်နိုတို့လို အသက် ၃၀ အရွယ် တိုက်စစ်သမားတွေဟာ စာချုပ်အားဖြင့်လည်း တူညီစွာ ၁၈ လဝန်းကျင်ပဲ ကျန်ရှိတော့တာပါ။ သူတို့နေရာ ရေရှည် အစားထိုးဖို့ လီဗာပူးဘက်က ကင်းထောက်တွေဟာ တိုက်စစ်သမား များစွာကို ကင်းထောက်နေခဲ့တာဖြစ်တယ်။ ဘိုဝန်နဲ့ ရာဖင်ဟာကတော့ အန်ဖီးရဲ့ ချိတ်ဆက်မှုတွေ ခံရဖို့ အတော်လေး သတင်းကြီးနေပါတယ်။

လီဗာပူးအသင်းက အာဖရိကပြိုင်ပွဲကြောင့် ဆာလာ၊ မာနေးတို့ကို ယာယီ ဆုံးရှုံးရမှာဖြစ်ပြီး အလာအလာရှိတဲ့ အပြောင်းအရွှေ့ ကိစ္စတွေ မစတင်ခင် ရွေးချယ်မှုပိုင်း ချိန်ဆမှုတွေ ရှိနေတယ်လို့ မာဆေးဆိုဒ် အခြေစိုက် Liverpool Echo က ဖော်ပြခဲ့တယ်။

လီဗာပူးဘက်က ဝက်ဟမ်းအသင်းရဲ့ အင်္ဂလန်သား တိုက်စစ်သမား ဘိုဝန်အပေါ် စိတ်ဝင်စားမှုတွေ ရှိနေသေးသလို လိဒ်ယူနိုက်တက်ရဲ့ ဘရာဇီးတိုက်စစ်သမား ရာဖင်ဟာအတွက်လည်း အကဲဖြတ်နေတယ်လို့ အဆိုပါ သတင်းက ဆိုပါတယ်။ ကစားသမား နှစ်ဦးလုံးကတော့ လက်ကျန် ဘောလုံးရာသီအတွက် သက်ဆိုင်ရာ ကလပ်တွေမှာပဲ ဆက်ရှိနေဖို့ များနေပါတယ်။

လီဗာပူးက သူတို့ကို ခေါ်ယူခဲ့ရင် လာမယ့် နွေဈေးကွက်မှာပဲ ဖြစ်ဖို့များပြီး ရာဖင်ဟာကို ခေါ်ယူဖို့ ဘွန်ဒက်လီဂါကလပ် ဘိုင်ယန်မြူးနစ်ကလည်း ကြိုးစားဖို့ ရှိနေကာ ယူရို သန်း ၅၀ ဝန်းကျင် ပေးချေရမှာဖြစ်တယ်။ ဝက်ဟမ်းကလည်း ဘိုဝန်ကို ဆက်ထိန်းနိုင်ရေး ကာလရှည်စာချုပ်သစ် ပေးအပ်နိုင်ဖို့ ပြင်ဆင်နေပါတယ်။

လီဗာပူးအသင်းဟာ လက်တလောမှာ ဆာလာကို စာချုပ်ပေးဖို့ ပြင်ဆင်နေပြီး မာနေးနဲ့ ဖာမင်နိုတို့ရဲ့ စာချုပ်ကိစ္စတွေကိုလည်း ဆုံးဖြတ်ပေးရမှာပါ။ ဒီကိစ္စတွေဟာ လီဗာပူးရဲ့ နွေလှုပ်ရှားမှုတွေအပေါ်လည်း သက်ရောက်မှုတွေ ရှိသွားမယ်လို့ သိလာရတာ ဖြစ်ပါတယ်။