အသင်းပြောင်းဖို့ဆိုတာ ခေါ်မယ့်အသင်းရှိမှ ရတာပါလို့ မာရှယ်ကိစ္စ ပြောပြလာတဲ့ ရန်းနစ်

အန်သိုနီမာရှယ်ဟာ အသင်းကနေ ထွက်ခွာချင်တယ်လို့ မန်ချက်စတာ ယူနိုက်တက်ထံ ပြောကြားထားပါတယ်။ ပြင်သစ်သားဟာ အိုးလ်ထရက်ဖို့ဒ်မှာ အရေးမပါတဲ့သူတစ်ယောက်သာ ဖြစ်လာခဲ့ပြီး ဒီရာသီ ပရီးမီးယားလိဂ် ၂ ပွဲ၊ ပြိုင်ပွဲစုံ ၄ ပွဲသာ ကစားခဲ့ရတာပါ။

အိုးထရက်ဖို့ဒ်ကို စွန့်ခွာချင်တဲ့ မာရှယ်ရဲ့ စိတ်ဆန္ဒနဲ့ပတ်သက်ပြီး ယူနိုက်တက်နည်းပြ ရက်ဖ်ရန်းနစ်က “ကျွန်တော်တို့ ဗုဒ္ဓဟူးနေ့က စကားတွေ အများကြီး ပြောဖြစ်ခဲ့ပါတယ်။ သူက မန်ချက်စတာ ယူနိုက်တက်မှာ အခုဆို ၇ နှစ်တောင် ကြာခဲ့ပြီဖြစ်ပြီးတော့ အပြောင်းအလဲလုပ်ဖို့ တစ်နေရာရာကို ထွက်သွားဖို့ အချိန်ကျပြီလို့ ခံစားရတဲ့အကြောင်း ကျွန်တော့်ကို ရှင်းပြခဲ့ပါတယ်။

ဒါက နားလည်ပေးလို့ရတဲ့ အရာလို့ ကျွန်တော်ထင်ပါတယ်။ သူ့အတွေးတွေကို ကျွန်တော် နားလည်နိုင်တယ်။ ဒါပေမယ့် တခြားတဖက်မှာလည်း ကလပ်ရဲ့ အခြေအနေကို ကြည့်ဖို့က အရေးကြီးတယ်။ ကျွန်တော်တို့မှာ ကိုဗစ်အချိန်တွေ ရှိတယ်။ ပြိုင်ပွဲ ၃ ခုလည်းရှိတယ်။ ဒီပြိုင်ပွဲတွေမှာ ကျွန်တော်တို့က မြင့်မားတဲ့ ရည်မှန်းချက်တွေ ထားရှိထားဆဲဖြစ်ပြီး တတ်နိုင်သလောက် အောင်မြင်ချင်ပါတယ် ” လို့ ပြောပြခဲ့ပါတယ်။

မာရှယ်ဟာ ၂၀၁၅ စက်တင်ဘာမှာ မိုနာကိုကနေ ရောက်ရှိလာခဲ့တဲ့အချိန် ကမ္ဘာ့ဈေးအကြီးဆုံး ဆယ်ကျော်သက် ဘောလုံးသမား ဖြစ်လာခဲ့တာပါ။ ပြောင်းရွှေ့ကြေး ပေါင် ၃၆ သန်းကနေ ပေါင် ၅၈ သန်းအထိ မြင့်တက်လာမှုကြောင့် ၎င်းဟာ အဲ့ဒီ့တုန်းက ဒီမာရီယာနဲ့ မာတာပြီးရင် ယူနိုက်တက်ရဲ့ တတိယမြောက် ဈေးအကြီးဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။

မာရှယ်ဟာ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ စုစုပေါင်း ၂၆၈ ပွဲမှာ ၇၉ ဂိုး သွင်းယူထားပါတယ်။ ဒါပေမယ့် ရော်နယ်ဒို၊ ကာဗာနီနဲ့ ဆန်ချိုတို့ ရောက်ရှိလာပြီး ဂရင်းဝုဒ်ရဲ့ ထွန်းတောက်လာမှုကြောင့် မာရှယ်ဟာ ယူနိုက်တက်မှာ ပွဲထွက်ခွင့်တွေ ကျဆင်းလာခဲ့တာ ဖြစ်ပါတယ်။

ရန်းနစ်ကတော့ ဇန်နဝါရီ အပြောင်းအရွှေ့မတိုင်ခင် မာရှယ်အပေါ် ခိုင်မာတဲ့ စိတ်ဝင်စားမှုတွေ မရှိခဲ့တာကြောင့် ယူနိုက်တက်မှာ သူ ဆက်နေနိုင်တယ်လို့ အတည်ပြုခဲ့ပါတယ်။

“ သူ့အပေါ် စိတ်ဝင်စားမှု ပြသတဲ့ ကလပ် မရှိသေးသရွေ့ စောင့်နေဖို့ ကျွန်တော် သူ့ကို ပြောခဲ့ပါတယ်။ အပြောင်းအရွှေ့ဖြစ်ဖို့ဆိုတာ ကစားသမားရဲ့ စိတ်ဝင်စားမှုတစ်ခုတည်းနဲ့ မရပဲ ကလပ်တွေရဲ့ စိတ်ဝင်စားမှုလည်း ရှိရမှာပါ။ ကျွန်တော် သိရသလောက်တော့ တခြားကလပ်တွေဆီကနေ ဘာကမ်းလှမ်းမှုမှ မရခဲ့ပါဘူး။ ဒါကြောင့် အသင်းမှာ သူ ဆက်နေရမှာပါ ” လို့ ရန်းနစ်က ပြောပါတယ်။

ဒီလအစောပိုင်းကတော့ မာရှယ်ရဲ့ အေးဂျင့်ဖြစ်သူက ပြင်သစ်သားဟာ ဇန်နဝါရီမှာ အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာချင်တယ်လို့ အသိပေးခဲ့ပါတယ်။ သူ့ကိုယ်စားလှယ် ဖိလစ်ပိ လမ်ဘိုလေက “အန်သိုနီဟာ ဇန်နဝါရီမှာ ကလပ်ကို စွန့်ခွာချင်နေပါတယ်။ သူက ကစားဖို့ပဲ လိုအပ်တာပါ။ ဇန်နဝါရီမှာ သူ ဆက်မနေချင်ဘူး။ ကျွန်တော် ကလပ်နဲ့ မကြာခင်မှာ ဆွေးနွေးသွားမှာပါ ” လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။