ပွဲထွက် ၁၁ ဦး မပြောနဲ့ အရန်ရွေးဖို့တောင် မလွယ်တော့ဘူးလို့ သတင်းပေးလာတဲ့ ရန်းနစ်

နည်းပြ ရန်းနစ်က ယူနိုက်တက် အသင်းသားတွေဟာ ကိုဗစ် အခြေအနေကနေ ကျော်လွှားလာနိုင်ပြီး ကြံ့ခိုင်မှု အကောင်းဆုံး အနေအထားကို ရောက်လာနေပါပြီလို့ နယူးကာဆယ်ပွဲကြိုမှာ ထုတ်ပြောခဲ့ပါတယ်။

ယူနိုက်တက်ဟာ ကိုဗစ်ကြောင့် လေ့ကျင့်ရေးစင်တာကို ပိတ်ခဲ့ရပေမယ့် သတင်းကောင်းအဖြစ် နည်းပြသစ်နဲ့အတူ အကောင်းဆုံး ပြင်ဆင်ခွင့်ရခဲ့တာပါ။ ဒဏ်ရာရ ကစားသမားတွေအတွက်ကော စီနီယာတွေအတွက်ပါ အနားယူချိန်တွေလည်း ရခဲ့တာမို့ ဒုတိယရာသီဝက်ကို အကောင်းဆုံး ကျော်ဖြတ်နိုင်ဖို့ အားသာချက်တွေပါ ဖြစ်လာစေပါတယ်။

ကိုဗစ်ကြောင့် ကာရင်တန်ကို ပိတ်ထားချိန်မှာ သူနဲ့ နည်းပြအဖွဲ့ဝင်တွေဟာ ဘယ်လို ကျော်ဖြတ်ခဲ့သလဲဆိုတာနဲ့ ပတ်သက်ပြီး ရန်းနစ်က ရှင်းပြခဲ့သလို အသင်းမှာ ပေါ့ဘာကလွဲရင် စီနီယာအားလုံး ကြံ့ခိုင်နေပါတယ်လို့ ယူနိုက်တက် နည်းပြကြီးက ပြောဆိုခဲ့တယ်။

ရန်းနစ်က ” ကိုဗစ်တွေ့တဲ့သူတွေ (သို့) ကွာရန်တင်းဝင်နေရသူတွေနဲ့ ကျနော် စကားပြောပါတယ်။ ဒီတော့ ကျနော်က ကစားသမား ၁၆ ယောက် ၁၇ ယောက်လောက်ကို ဖုန်းကနေ တစ်ဦးချင်း စကားပြောမှုတွေ လုပ်ရပါတယ်။ သူတို့ ဘယ်လို ခံစားနေလဲဆိုတာတွေကို နားထောင်ခဲ့တယ်။

ဒီကာလတွေမှာ ကျနော်ရဲ့ နည်းပြအဖွဲ့နဲ့အတူ အတော်လေးလည်း အလုပ် ကြိုးစားရပါတယ်။ ဗီဒီယိုတွေ ကြည့်ပြီး ပြင်ဆင်ရတယ်။ ပြင်ဆင်ထားတဲ့ ဗီဒီယိုတွေကို အသင်း လေ့ကျင့်ရေး ပြန်ဝင်နိုင်တော့ ပြန်လည် ပြသပြီး လေ့ကျင့်ရပါတယ်။

စနေ၊ တနင်္ဂနွေတွေမှာ ဆက်ပြီး လေ့လာပြီး ဘယ်လိုကစားရမလဲ? တိုက်စစ် ဟန်ချက်ညီမှုက ဘယ်လိုလဲ? ဘယ်သူတွေကို ထုတ်ရမလဲ? တစ်ချိန်တည်းမှာပဲ ခံစစ်အတွက် ဘယ်လိုလုပ်မလဲ? ဆိုတာတွေကို စိစစ်ရတယ်။

ရုပ်ပိုင်းဆိုင်ရာအရ သူတို့ အခြေအနေကောင်းနေပြီး ပြင်းထန်တဲ့ လေ့ကျင့်ရေး အစီအစဉ်တွေကိုလည်း လုပ်နိုင်ခဲ့ပါတယ်။ အင်အားပိုင်းမှာတော့ အရမ်းကို ကောင်းနေပါပြီ။ အားလုံးလည်း လေ့ကျင့်ရေးကို အပြည့်အဝ ပါဝင်နိုင်ပါတယ်။ ဒါကြောင့် ရုပ်ပိုင်းဆိုင်ရာ အရတော့ အသင်းအတွက် စိတ်ပူစရာ မရှိပါဘူး။ အားလုံး ကြံ့ခိုင်ပါတယ်။

ဒါပေမယ့်လို့ ပွဲတိုင်းမှာ ကစားသမားတွေကို ရွေးလို့ရတယ်ဆိုတာလောက် ကြံ့ခိုင်နေဖို့ မဟုတ်ဘဲ ရုပ်ပိုင်းဆိုင်ရာ အကောင်းဆုံးတွေမှာ ဆက်ရှိနေဖို့ လိုပါတယ်။ ဒီတော့ တစ်ပွဲကစားပြီး နောက်ပွဲ အနားပေးတဲ့ အလှည့်ကျစနစ်တွေ လုပ်ရဖို့ ရှိနေတယ်။ အထူးသဖြင့် သုံးရက်တစ်ပွဲ ကစားရမယ့် ဒီလို ကာလမှာပေါ့။

အခုချိန်မှာ ပေါလ်ကလွဲရင် အားလုံး ပါဝင်နိုင်နေပါတယ်။ ဒါကြောင့် ပွဲထွက် ၁၁ ဦးစာရင်းကို ရွေးချယ်ဖို့က ခက်ခဲနေပါတယ်။ ဒါ့အပြင် အရန်ခုံမှာ ထိုင်ရမယ့် ၈ ဦးအတွက် ဘယ်သူတွေကို ရွေးရမယ်ဆိုတာတောင် မလွယ်လှပါဘူး ” လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။