၅ နှစ်ကြာအပြီး ချယ်ဆီးကို နည်းပြအဖြစ် ပြန်ဝင်လာတော့မယ့် ဂျွန်တယ်ရီ

လွန်ခဲ့တဲ့ ၅ နှစ်တုန်းက စတမ်းဖိုဒ့်ဘရစ်ကနေ ထွက်ခွာသွားခဲ့တဲ့ ဂျွန်တယ်ရီဟာ မကြာခင်မှာပဲ လန်ဒန်ကလပ်ကို နည်းပြတာဝန်နဲ့အတူ ပြန်လည် ဝင်ရောက်လာတော့မယ်လို့ သိရပါတယ်။

The Athletic ရဲ့ ဖော်ပြမှုအရ တယ်ရီဟာ ချယ်ဆီးအသင်းထံ ပြန်လာပြီး လူငယ်အသင်း တိုးတက်မှုပိုင်းမှာ နည်းပြအဖြစ် ပြန်လာလုပ်မယ်လို့ သိရတယ်။ ဒါဟာ နည်းပြချုပ်တာဝန်အတွက် အသင်းသစ် ရှာမတွေ့ခင် အချိန်တွေမှာ ကောင်းမွန်တဲ့ လေ့လာသင်ယူမှု ဖြစ်လာမှာဖြစ်ပါတယ်။

အသက် ၄၁ နှစ်အရွယ် တယ်ရီဟာ ၂၀၁၇ ခုနှစ်မှာ ချယ်ဆီးအသင်းကနေ ထွက်ခွာသွားခဲ့သူဖြစ်ပြီး ဗီလာအသင်းမှာ လက်ထောက်နည်းပြ တာဝန်ကို ရယူနေခဲ့တာပါ။ ပြီးခဲ့တဲ့ နွေမှာ ဒမ်းစမစ်ရဲ့ လက်ထောက်အဖြစ်ကနေ နုတ်ထွက်ပြီးနောက် သူဟာ ကလပ်လက်မဲ့ ဖြစ်နေခဲ့ရာမှာ အခုလို ငယ်မွေးခြံပေါက် အသင်းထံ ပြန်လာဖို့ ဆုံးဖြတ်လာတာ ဖြစ်ပါတယ်။

အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်းဟာ ဗီလာအသင်းကနေ ထွက်ခွာပြီးတဲ့နောက် ဥရောပကို လှည့်လည်ပြီး အခြားသော နည်းပြတွေရဲ့ ကိုင်တွယ်ပုံ စတိုင်တွေကို လေ့လာနေခဲ့တယ်။ တစ်ပြိုင်နက်ထဲမှာ သူဟာ ကလပ်တစ်သင်းသင်းကို နည်းပြချုပ်အဖြစ် ကိုင်တွယ်နိုင်ရေးအတွက် အခွင့်အရေးကောင်းကို စောင့်မျှော်နေပါတယ်။

တယ်ရီရဲ့ လက်ရွေးစင် အသင်းဖော်ဟောင်းတွေဖြစ်တဲ့ ရွန်းနီ၊ လမ်းပတ်နဲ့ ဂျရတ်တို့ဟာ နည်းပြလောကထဲကို မဝင်ခင် ကနဦး ခြေချမှုတွေမှာ ပရီးမီးယားလိဂ် ပြင်ပကလပ်တွေကို စတင် ကိုင်တွယ်ခဲ့တာပါ။ တယ်ရီဟာလည်း အလားတူ အနေအထားအဖြစ် ချန်ပီယံရှစ်ကလပ် အချို့ကို ကိုင်တွယ်မယ်လို့ သတင်းကြီးတွေ ထွက်ခဲ့ပေမယ့် တရားဝင် ကိုင်တွယ်လာခြင်း မရှိပါဘူး။

အသုံးစရိတ် နည်းပါးတဲ့ အင်္ဂလန် အောက်တန်းလိဂ်တွေမှာ တာဝန်ယူခြင်းထက် ဘဏ္ဍရေးပိုင်း တောင့်တင်းတဲ့ ကလပ်တွေမှာ သူ့ရဲ့ အမြင်နဲ့ စွမ်းရည်တွေကို အသုံးချဖို့ကိုပဲ တယ်ရီက ရည်မှန်းထားတယ်လို့ သိရတာ ဖြစ်ပါတယ်။