ဘောက်ဆင်ဒေးပွဲကြို ချယ်ဆီး၊ ယူနိုက်တက်၊ အာဆင်နယ်တို့ရဲ့ ဒဏ်ရာနဲ့ ကိုဗစ် အခြေအနေ

ပွဲတော်ကာလ ပရီးမီးယားလိဂ် ပွဲစဉ်တွေအတွက် ပြင်ဆင်နေတဲ့အချိန်အတွင်း ချယ်ဆီး၊ ယူနိုက်တက်နဲ့ အာဆင်နယ်တို့မှာ ဒဏ်ရာပြဿနာနဲ့ ကိုဗစ်ကူးစက်မှု သတင်းတွေ ရှုပ်ထွေးနေခဲ့ပါတယ်။

နောက်ဆုံး ၄ ပွဲမှာ ၃ ပွဲ အမှတ်လျော့ခဲ့တဲ့ ဥရောပချန်ပီယံ ချယ်ဆီးဟာ စတီဗင်ဂျရတ်ရဲ့ အက်စ်တွန်ဗီလာကို ရင်ဆိုင်ဖို့ ဘောက်ဆင်ဒေးမှာ ဘာမင်ဂမ်ကို သွားကစားရမှာ ဖြစ်ပါတယ်။ အဆင့် ၄ နေရာက အာဆင်နယ်က တနင်္ဂနွေနေ့မှာ ဇယားအောက်ခြေက နောဝစ်ချ်နဲ့ တွေ့ဆုံရမှာဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်တော့ တနင်္လာညမှာ နယူးကာဆယ်နဲ ရင်ဆိုင်ရမှာပါ။

ချယ်ဆီး

လက်ရှိ ဥရောပ ချန်ပီယံတွေဟာ ဒဏ်ရာပြဿနာတွေနဲ့ ကိုဗစ်ပေါ့စတစ် ဖြစ်သူတွေကြောင့် စိတ်ပျက်စရာ အခြေအနေတစ်ခုကို ရင်ဆိုင်ခဲ့ရတာပါ။ ချယ်ဆီး ကစားသမားများစွာဟာ ကိုဗစ်ပေါ့စတစ် ရလဒ်ထွက်ပေါ်ခဲ့တာကြောင့် ပြီးခဲ့တဲ့အပတ်က ဝုဗ်နဲ့ပွဲကို ဖျက်သိမ်းပေးဖို့ တောင်းဆိုခဲ့ရပါတယ်။

ပေါ့စတစ်ဖြစ်နေတဲ့ တီမိုဗာနာက နောက်ထပ်တစ်ပွဲ လွဲချော်ရဖို့ရှိပေမယ့် လူကာကူနဲ့ အိုဒွိုင်းတို့ကတော့ ကွာရန်တင်းကာလပြီးလို့ အက်စ်တွန်ဗီလာနဲ့ပွဲမှာ ပြန်ကစားနိုင်တော့မှာပါ။ ကွင်းလယ်လူ ဂျော်ဂျင်ညိုကလည်း မှားယွင်းတဲ့ပေါ့စတစ် ရလဒ် စစ်ဆေးမှုအပြီး ပွဲပြန်ကစားတော့မှာဖြစ်သလို ခရစ္စတန်ဆန်ကလည်း နောက်ကျောဒဏ်ရာကနေ ပြန်လာနိုင်ဖွယ် ရှိပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့လက ဒူးအရွတ် ပြင်းထန်ဒဏ်ရာရခဲ့တဲ့ ဘင်ချီဝဲ၊ လော့ဖ်တပ်ချိခ်တို့နဲ့အတူ ကိုင်ဟားဗတ်က ချယ်ဆီးအတွက် လက်တလော ပါဝင် ကစားပေးနိုင်ဦးမှာ မဟုတ်ပါဘူး။

ယူနိုက်တက်

ယူနိုက်တက်က ဒီရာသီ အစောပိုင်းမှာ ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရပေမယ့် မကြာသေးမီ အပတ်တွေမှာတော့ လျော့ပါးသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒဏ်ရာရခဲ့တဲ့သူတွေနဲ့ ကိုဗစ်ထိခဲ့တဲ့ ကစားသမားအားလုံး ပြန်ကောင်းလာခဲ့ပြီးတော့ စိန့်ဂျိမ်းစ်ပက်ခ်က ပွဲမှာ နေရာရဖို့ ပြိုင်ဆိုင်နေကြပြီလို့ ရက်ဖ် ရန်းနစ်က အတည်ပြုခဲ့ပါတယ်။

ဒါပေမယ့် ပေါ့ဘာက ဒဏ်ရာရနေဆဲဖြစ်ပြီး ပေါင်တံဒဏ်ရာကြောင့် နောက်တစ်လလောက် အနားယူရနိုင်ပါတယ်။ ဒဏ်ရာရနေခဲ့တဲ့ ကာဗာနီနဲ့ ဗာရန်းတို့ နှစ်ဦးလဲ နယူးကာဆယ်နဲ့ပွဲမှာ ပြန်လာနိုင်ဖွယ်ရှိတာကြောင့် ယူနိုက်တက်အတွက် အားတက်စရာတွေ ဖြစ်စေပါတယ်။

“ ခင်ဗျားတို့သိတဲ့အတိုင်း ပြီးခဲ့တဲ့အပတ်က နောက်ဆုံးလေ့ကျင့်ခဲ့တဲ့ ကြာသပတေးနေ့ကနေ ဒီနေ့အထိ ကျွန်တော်တို့မှာ ကစားသမား ၈ ယောက်နဲ့ ဂိုးသမား ၃ ဘောက်သာ ရှိခဲ့ပြီးတော့ ကွင်းဆက်တွေ ထပ်မဖြစ်အာင် လေ့ကျင့်ရေးကွင်းကို ၄ ရက်ကြာ ပိတ်ခဲ့ရပါတယ်။ အခု ကျွန်တော်တို့မှာ ကစားသမား ၂၅ ယောက်အထိ ရှိနေတာကြောင့် ပေါ့ဘာကလွဲရင် အားလုံး ကစားနိုင်နေပါပြီ”လို့ ရန်းနစ်က ပြောပြခဲ့တာပါ။

အာဆင်နယ်

အာဆင်နယ်မှာ ကိုဗစ်ပေါ့စတစ် များစွာရှိခဲ့ပြီး လိုကွန်ဂါ၊ ပက်ဘလိုမာရီနဲ့ ချိန်ဘားစ်တို့ အားလုံး နောဝစ်ချ်နဲ့ အဝေးကွင်းပွဲကို လွဲချော်ရမှာပါ။ အထင်ကြီးစရာ နွေရာသီ ကစားသမားသစ် တိုမီယာဆုဟာ လိဒ်စ်နဲ့ပွဲအတွင်း ဒဏ်ရာ ရခဲ့တဲ့နောက် အခုတစ်ပတ် ကာရိုးရုတ်ဒ်ကပွဲကို ပါဝင်နိုင်ဖို့ မသေမချာ ဖြစ်နေပါတယ်။

အာတီတာအနေနဲ့ အသင်းခေါင်းဆောင်ဟောင်း အူဘာမီယန်က စည်းကမ်းပိုင်းပြဿနာကြောင့် အသင်းခေါင်းဆောင်ရာထူးကနေ ဖြုတ်ချခံခဲ့ရပြီး လေးပွဲ လွဲချော်ခဲ့ရတာပါ။ ဘောက်ဆင်ဒေးမှာ အူဘာမီယန် ပြန်လာဖို့နဲ့ ပတ်သက်ပြီးမေးမြန်းခဲ့ရာ အာတီတာက “ကျွန်တော်တို့ တစ်ပွဲချင်းပဲ သွားမယ်။ ပွဲချိန်နီးလာတော့မှ အသင်းလူစာရင်းကို ဆုံးဖြတ်သွားမှာပါ”လို့ ဖြေကြားခဲ့တာ ဖြစ်ပါတယ်။