အာဆင်နယ်ကို အာဏာရှင်တစ်ယောက်လို အုပ်ချုပ်နေတာ မဟုတ်ဘူးလို့ အာတီတာ ငြင်းဆန်

အူဘာမီယန်းကို အသင်းကနေ ချန်လှပ်ခဲ့ပြီးနောက် အာဆင်နယ်မန်နေဂျာ အာတီတာက သူဟာ လန်ဒန်ကလပ်ကို အာဏာရှင်တစ်ယောက်လို ကိုင်တွယ်နေတာ မဟုတ်ပေမယ့် ကစားသမားတွေထံကနေ ရိုးရိုးရှင်းရှင်းပဲ လေးစားမှုနဲ့ အာရုံစူးစိုက်မှုကို တောင်းဆိုနေတာဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။

အူဘာမီယန်းဟာ ဒီလမှာ အာဆင်နယ် အသင်းခေါင်းဆောင်ရာထူးကနေ ဖြုတ်ချခံခဲ့ရပြီး စည်းကမ်းပိုင်းဆိုင်ရာ ပြဿနာကြောင့် အသင်းရဲ့ နောက်ဆုံး လေးပွဲမှာ ပါဝင်ခဲ့ခြင်း မရှိတာပါ။ ဂါဘွန်လက်ရွေးစင်ဟာ ၂၀၂၁-၂၂ ရာသီမှာ သူကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၁၄ ပွဲမှာ ၄ ဂိုး သွင်းယူခဲ့ပြီး ဒီရာသီ သူ့ရဲ့ စွမ်းဆောင်ရည်တွေအတွက် ဝေဖန်မှုတွေခံနေရတာဖြစ်ပါတယ်။

အာဆင်နယ်မှာ အူဘာမီယန်ရဲ့ စာချုပ်က ၂၀၂၃ မတိုင်ခင်အထိ သက်တမ်းရှိပေမယ့် မကြာသေးမီက စည်းကမ်းပိုင်း ချိုးဖောက်မှုတွေကြောင့် ကလပ်ဟာ မကြာခင်မှာ သူ့ကို ရောင်းချဖို့ စဉ်းစားနိုင်ဖွယ်ရှိပါတယ်။

ဂန်းနားနည်းပြ အာတီတာကတော့ သူ့ကစားသမားအားလုံးဆီက တူညီတဲ့ အာရုံစူးစိုက်နှစ်မြှုပ်ထားမှု အဆင့်အတန်းကို မျှော်လင့်ထားပြီး သူ့အနေနဲ့ တိုက်စစ်မှူးအပေါ် ရက်စက်လွန်းတာ မဟုတ်ဘူးလို့ ဖြေရှင်းခဲ့ပါတယ်။

“ကျွန်တော်က အာဏာရှင်ဆန်ဆန်၊ အညှာအတာ ကင်းမဲ့တာမျိုးနဲ့ အသင်းကို မအုပ်ချုပ်ပါဘူး။ တစ်ခုပဲ တောင်းဆိုတာပါ။ လေးစားမှုနဲ့ အာရုံစိုက်မှုပဲ။ ဒီအဆင့်အတန်းမှာ အဲ့လိုအရာကို ကျွန်တော် မရဘူးဆိုရင် အထုတ်ပြင်ပြီး ထွက်သွားရမှာပဲ။ ဘာလို့လဲဆိုတော့ အဲ့ဒါက ကျွန်တော် တောင်းဆိုနိုင်တဲ့ အသေးဆုံးအရာလေးပါ။

ကျွန်တော်က ကလပ်အတွက် အလုပ်လုပ်နေတဲ့ လူတိုင်းဆီကနေ ဒါကို မျှော်လင့်တယ်။ ပထမဆုံး ကျွန်တော်ကိုယ်တိုင်ပေါ့။ ကျွန်တော်ကိုယ်တိုင် လေးစားမှုနဲ့ အာရုံစိုက်မှု မရှိတဲ့ တစ်နေ့ကျရင် ဒီကနေ ထွက်သွားမှာပါ။ အဲ့လောက်ကို ရှင်းပါတယ်။

အောင်မြင်ဖို့အတွက်ဆိုရင် မင်းက တစ်စုံတစ်ခုနဲ့ပတ်သက်ပြီး ပြင်းပြမှုရှိဖို့လိုပါတယ်။ ဒီလို သမိုင်းကြောင်းနဲ့ အဆင့်အတန်းရှိတဲ့ ကလပ်တစ်ခုကို ကိုယ်စားပြုချင်စိတ်ရှိဖို့ လိုတယ်။ ဒါက မင်းယူဆောင်လာရမယ့် အနိမ့်ဆုံး အဆင့်အတန်းပဲ။

ကျွန်တော်က ကစားသမားတွေကို ကန်လိုက်တိုင်း ဂိုးထဲဝင်အောင်လုပ်ဖို့ မတောင်းဆိုပါဘူး။ ဒါပေမယ့် ဒီကလပ်အတွက် နေ့တိုင်းမှာ မှန်ကန်တဲ့အရာတွေကိုလုပ်ဖို့ပဲ တောင်းဆိုသွားမှာပါ” လို့ အာတီတာက ဆိုသွားခဲ့ပါတယ်။