ပရီးမီးယားလိဂ် ကလပ် နှစ်သင်းအား ကော်တင်ညိုကို အတင်းထိုးပေးနေတဲ့ ဘာစီလိုနာ

လာလီဂါကလပ် ဘာစီလိုနာဟာ ကော်တင်ညိုကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ စပါးနဲ့ နယူးကာဆယ်တို့ကို ချိတ်ဆက်နေတယ်လို့ စပိန်သတင်းတွေကို ကိုးကားပြီး ဒေးလီးမေလ်းက ဖော်ပြပါတယ်။

၂၀၁၈ ဇန်နဝါရီမှာ ဘာစီလိုနာဟာ ကမ္ဘာတတိယမြောက် ဈေးအကြီးဆုံး ကစားသမားအဖြစ် ပြောင်းရွှေ့ကြေး ပေါင် ၁၄၅ သန်းထိ အသုံးပြုပြီး လီဗာပူးအသင်းကနေ ကော်တင်ညိုကို ခေါ်ယူခဲ့တာဖြစ်တယ်။ အသက် ၂၉ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ကော်တင်ညိုဟာ တချိန်က ဥရောပရဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံး ကစားသမားဆိုတဲ့ ခြေစွမ်းကောင်းတွေ ပြန်လည်ရရှိဖို့ ရုန်းကန်နေရသူဖြစ်တယ်။

ဘာစီလိုနာဟာ သူတို့ရဲ့ ဘဏ္ဍာရေး အကျပ်အတည်းကြောင့် တစ်ပတ်ကို လုပ်ခ ပေါင် ၂ သိန်းကျော် ပေးနေရတဲ့ ဘရာဇီးသားကို ရှင်းထုတ်ချင်နေတာဖြစ်တယ်။ ပရီးမီးယားလိဂ်ကလပ်တွေကို ကော်တင်ညိုအား ခေါ်ယူဖို့ လိုက်လံ ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီမှာ ခေါ်ယူမယ်ဆိုရင် လျှော့ဈေးနဲ့ ရရှိနိုင်ပါတယ်။

ပရီးမီးယားလိဂ်ဟာ အရင်တချိန်က ကော်တင်ညိုရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်တွေ မြင်ခဲ့ရတဲ့ နေရာဖြစ်ပေမယ့် အခုချိန်မှာ ဘရာဇီးသားက ယုံကြည်မှု လျော့ကျနေလို့ သူ့ကို ဗဟိုပြုပြီး အသင်းတစ်သင်းကို တည်ဆောက်ဖို့တော့ ခက်ခဲနိုင်ပါတယ်။

ကက်တလန်ကလပ်မှာ ဒဏ်ရာပြဿနာ၊ ခြေစွမ်း မတည်ငြိမ်တဲ့ ပြဿနာတွေကြောင့်ပဲ နည်းပြတွေ အပြောင်းအလဲ များပြားနေပေမယ့် ကော်တင်ညိုကတော့ ပုံမှန်ပွဲကစားခွင့် မရနိုင်ဘဲဖြစ်နေပါတယ်။ ၂၀၁၉-၂၀၂၀ မှာ ဘိုင်ယန်မြူးနစ်ကို အငှားထွက်ကစားစဉ်မှာတော့ ကော်တင်ညိုဟာ ချန်ပီယံလိဂ်နဲ့ ဘွန်ဒက်လီဂါ အပါအဝင် ဆုဖလားကြီးတွေကို အောင်မြင်ခဲ့ပါတယ်။

ပရီးမီးယားလိဂ် ကလပ်တွေဖြစ်တဲ့ နယူးကာဆယ်နဲ့ စပါးတို့ဟာ တိုက်စစ်ပိုင်း အင်အားဖြည့်မှုတွေကို လာမယ့် ဇန်နဝါရီမှာ ပြုလုပ်မှာဖြစ်ကာ အထူးသဖြင့် နယူးကာဆယ်အသင်းဟာ တန်ဆင်းဇုန်ကနေ ကင်းလွှတ်ဖို့အတွက် အသုံးစရိတ်ကြီးတွေ ထုတ်လာမယ်လို့ မျှော်လင့်ထားရတာ ဖြစ်ပါတယ်။