မန်စီးတီးနဲ့ လီဗာပူးပြင်ပမှ တစ်ဦးတည်းပါတဲ့ ဒီရာသီ ပရီးမီးယားလိဂ် အကောင်းဆုံး ၁၁ ဦးစာရင်း

အချက်အလက်တွေကို ကိုးကားပြီး ရွေးချယ်တဲ့ ရာသီတွင်း အကောင်းဆုံး ၁၁ ယောက် အသင်းထဲမှာ လီဗာပူးနဲ့ မန်စီးတီးတို့ နှစ်သင်းပေါင်း ၁၀ ယောက်အထိ ပါဝင်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်ဟာ ရာသီဝက်ကို ရောက်ရှိနေပြီဖြစ်ပေမယ့် တချို့အသင်းတွေဟာ ပွဲစဉ် ရွှေ့ဆိုင်းမှုတွေကြောင့် တခြားအသင်းတွေထက် ပိုပြီးတော့ ကစားထားရတာပါ။ ဘာပဲဖြစ်ဖြစ် စီးတီး၊ လီဗာပူးနဲ့ ချယ်ဆီးတို့ကပဲ ဖလားအတွက် ပြိုင်ဆိုင်ရမယ်ဆိုတာ ပေါ်လွင်နေခဲ့ပြီးသား ဖြစ်ပါတယ်။

Opta data အရ ရွေးချယ်ထားတဲ့ ဒီရာသီရဲ့ အကောင်းဆုံး ၁၁ ယောက်အသင်းဟာ ထိပ်ဆုံးသုံးသင်းထဲကပဲ ပါဝင်နေခဲ့တာ ဖြစ်ပါတယ်။ ဒီထဲမှာ မန်စီးတီးနဲ့ လီဗာပူးကစားသမား မဟုတ်တဲ့ တစ်ဦးတည်းသော ကစားသမားကတော့ ချယ်ဆီးမှ မန်ဒီပဲ ဖြစ်ပါတယ်။ ချယ်ဆီးက အခုနောက်ပိုင်း ခြေချော်လာမှုကြောင့် အမှတ်ပေးဇယားထိပ်က စီးတီးနဲ့ ၆ မှတ်အထိ ကွာဟသွားခဲ့ပြီး လီဗာပူးနဲ့ ၃ မှတ် ကွာဟနေခဲ့တာပါ။

လီဗာပူးရဲ့ ထရန့် အလက်ဇန္ဒား-အာနိုးက ဒီရာသီမှာလည်း စွမ်းဆောင်ရည်ကောင်းတွေနဲ့ အံ့ဩစရာကောင်းအောင် ဆက်လက်လုပ်ပြနေတာဖြစ်ပြီး ဒီအသင်းထဲမှာ ပါဝင်ရတဲ့ အင်္ဂလန်သားနှစ်ဦးထဲက တစ်ဦး ဖြစ်ပါတယ်။

လိဂ်မှာ ခံစစ်အကောင်းဆုံး မှတ်တမ်းအဖြစ် ၁၈ ပွဲမှာ ၉ ဂိုးသာ ပေးထားရတဲ့ ပက်ဂွာဒီယိုလာရဲ့ အထင်ကြီးစရာ ခံစစ်ကြောင်းက အကောင်းဆုံးအသင်းရဲ့ နောက်တန်းမှာ လွှမ်းမိုးထားတာကတော့ အံ့ဩစရာမရှိပါဘူး။ ကန်ဆယ်လိုက ဘယ်အစွန်မှာ ပါဝင်ခဲ့ပြီး ဒီယက်စ်နဲ့ လာပေါ်တေးတို့က ဗဟိုခံစစ်မှာ တွဲဖက်ပါဝင်ခဲ့ကြပါတယ်။

ရိုဒရီက စီးတီးရဲ့ ကွင်းလယ်မှာ အရေးပါသူ ဖြစ်ခဲ့ပြီး လီဗာပူးမှ ဂျော်ဒန် ဟန်ဒါဆန်နဲ့အတူ ရွေးချယ်ခံခဲ့ရပါတယ်။ လက်ရှိ ပရီးမီးယားလိဂ်မှာ အကောင်းဆုံးတွေထဲက တစ်ဦးဖြစ်တဲ့ ဘာနာဒိုဆေးဗားကလည်း ကွင်းလယ်သုံးယောက်ထဲက တစ်ဦးအဖြစ် ပူးပေါင်းပါဝင်ခဲ့တာပါ။

ပေါ်တူဂီကြယ်ပွင့်ဟာ နွေရာသီမှာ ထွက်ခွာရဖို့ ချိတ်ဆက်မှုရှိခဲ့ပေမယ့် အီသီဟဒ်မှာ ဆက်နေဖြစ်ခဲ့ပြီး သူ့ရဲ့ အရည်အသွေးကို ထင်ရှားစေခဲ့ကာ အသင်းမှာ ဂိုးအများဆုံးအဖြစ် ၇ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

အဲ့ဒီ့နောက် တိုက်စစ်သုံးယောက်မှာတော့ လီဗာပူးကပဲ ပါဝင်လာခဲ့တာပါ။ မိုဆာလာဟာ ဒီရာသီမှာ သူ့ကစားသမားဘဝ အကောင်းဆုံးခြေစွမ်းတွေ ပြသနေခဲ့ပြီး ပြိုင်ပွဲစုံ ၂၄ ပွဲမှာ ၂၂ ဂိုး သွင်းယူခဲ့တာဖြစ်ပါတယ်။ အီဂျစ်သားဟာ လီဗာပူးမှာ ၉ ဂိုးသွင်းယူထားတဲ့ ဆာနေးနဲ့အတူ တိုက်စစ်မှာ ရွေးချယ်ခံခဲ့ရပါတယ်။

တိုက်စစ်နေရာအတွက် နောက်ဆုံးတစ်ယောက်က ဖာမီနိုမဟုတ်ပဲ ဒီယိုဂို ဂျိုတာ ဖြစ်ခဲ့ပြီး မနှစ်က လီဗာပူးကို ပြောင်းရွှေ့လာခဲ့တဲ့ ပေါ်တူဂီကြယ်ပွင့်ဟာ ဆက်လက်ပြီး ထင်ရှားကျော်ကြားလာသလို သူဟာ ပရီးမီးယားလိဂ်ရဲ့ ဒုတိယ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် လိဂ်ဂိုး ၁၀ ဂိုး ရရှိထားပါတယ်။