အာဆင်နယ်မှာ ချွန်ထွက်လာတဲ့ မာတင်နယ်လီရဲ့ အရည်အချင်းကောင်းကို အာတီတာ ထုတ်ပြော

စွန့်စားမှုတွေ လုပ်ချင်စိတ်ရှိတဲ့ ဂေဘရီရယ် မာတင်နယ်လီကို အာဆင်နယ်နည်းပြ အာတီတာက ချီးကျူးခဲ့ပြီး ပုံစံကောင်းရနေတဲ့ တိုက်စစ်ကစားသမားဟာ ပြီးပြည့်စုံတဲ့ ကစားသမား တစ်ယောက်အဖြစ် တိုးတက်လာနေတယ်လို့ ယုံကြည်နေပါတယ်။

အာဆင်နယ်ဟာ ပရီးမီးယားလိဂ် ထိပ်ဆုံးလေးသင်းထဲ ဝင်လာသလို ဝက်စ်ဟမ်း၊ လိဒ်စ်တို့နဲ့ နောက်ဆုံး ၂ ပွဲမှာ ၃ ဂိုး သွင်းခဲ့တဲ့ အသက် ၂၀ အရွယ် ဘရာဇီးသားက မျက်စိကျစရာ ဖြစ်စေခဲ့တာပါ။ သူ့ရဲ့ လုပ်နိုင်စွမ်းတွေကြောင့် စည်းကမ်းချိုးဖောက်မှုနဲ့ လူစာရင်းကနေ ချန်လှပ်ခံခဲ့ရတဲ့ တိုက်စစ်မှူး အူဘာမီယန်အပေါ် အာရုံစိုက်နေတာတွေ လျော့သွားခဲ့တာ ဖြစ်ပါတယ်။

“ မာတင်နယ်လီက မယုံနိုင်စရာကောင်းအောင်ကို ကြိုးစားလေ့ကျင့်တယ်။ သူက အမြဲတမ်း ပိုပြီး လုပ်ချင်တဲ့ စိတ်ဆန္ဒ ရှိနေသလို စွန့်စားမှုတွေလုပ်ဖို့လည်း မကြောက်ပါဘူး။ ဒါကို ကျွန်တော် သဘောကျတယ်။

မင်းက အချိန်တိုင်း တစ်နာရီ မိုင် ၁၀၀ နှုန်းနဲ့ မကစားနိုင်ပါဘူး။ အဲ့လို ကစားဖို့က မဖြစ်နိုင်ဘူး။ ကိုယ်အတွက် အရမ်းကြီး အကျိုးမရှိနိုင်ဘူး။ ဘာလို့လဲဆိုတော့ မိနစ်အနည်းငယ် ကုန်တာနဲ့ ပင်ပန်းသွားပြီလေ။ အဲ့နောက်မှာ လိုအပ်တဲ့အရာကို တိတိကျကျ လိုက်မလုပ်နိုင်တော့ဘဲ မင်းက ပြေးတယ်ဆိုရုံလောက်လေးပဲ လုပ်နိုင်ပါတော့တယ်။

မာတင်နယ်လီက အဲ့ဒီ့အပိုင်းမှာ အတော်လေး ပိုကောင်းအောင် လုပ်နိုင်ပါတယ်။ ကျွန်တော်တို့တွေဟာ သူ့မှာရှိတဲ့ စိတ်အားထက်သန်မှု၊ အင်အားတွေ မဆုံးရှုံးပဲနဲ့ ကွင်းထဲမှာ သူလုပ်နေတဲ့အတိုင်း ပွဲအပေါ်မှာ သက်ရောက်မှု ပေးနိုင်ဖို့ ကြိုးစားရပါမယ် ”လို့ အာတီတာက ဆိုပါတယ်။

အာဆင်နယ်ဟာ မာတီနယ်လီရဲ့ ဘောလုံးဖြတ်လုချင်တဲ့၊ ဆုံရှုံးသွားတဲ့ ဘောလုံးကို ပြန်ယူပေးချင်တဲ့ စိတ်အားထက်သန်မှုမျိုးကိုလည်း ချီးကျူးခဲ့ပြီး ပြိုင်ဘက်ခံစစ်နဲ့ တတန်းထဲ ရှိနေပြီးနောက်မှာ ခံစစ်အနောက်ကို ပြေးပြီး နေရာယူနိုင်တဲ့ လျင်မြန်တဲ့ ကစားပုံကိုလဲ ထည့်ပြောခဲ့ပါတယ်။

“ ဘောလုံးက ၅၀-၅၀ အနေအထားမှာရှိတိုင်း သူက ဘောလုံးရဖို့ ကြိုးစားတော့တာပဲ။ သူ့ခန္ဓာကိုယ်၊ အရှိန်အဟုန်နဲ့ နည်းစနစ် အရည်အသွေးတွေကို အသုံးချပြီး ဘောလုံးလိုက်လုတယ်။

သူက တစ်ဦးချင်း အနေအထားမှာ ဘောလုံး ပြန်လုယူနိုင်တယ်၊ ဘောလုံးမပါတဲ့ လှုပ်ရှားမှုတွေလည်း လုပ်နိုင်တယ်။ သူက ဂိုးရှေ့မှာ တကယ်ကို ခြိမ်းခြောက်နိုင်တဲ့သူပဲ” လို့ အာတီတာက ပြောဆိုခဲ့တာဖြစ်ပါတယ်။