မျှော်လင့်ချက်တွေဖြင့် ပူးပေါင်းခဲ့ပေမယ့် အာဆင်နယ်နဲ့ သူ အဆင်မပြေခဲ့ကြောင်း ဖွင့်ပြောလာတဲ့ ဝီလီယံ

ဝီလီယံမှာ မြောက်လန်ဒန်ကလပ်မှာ မပျော်ရွှင်ခဲ့တာကြောင့် ချယ်ဆီးကနေ ပြောင်းရွှေ့လာအပြီး ၃ လလောက် အကြာမှာပဲ အာဆင်နယ်ကနေ ထွက်ခွာချင်ခဲ့မိကြောင်း ဝန်ခံခဲ့ပါတယ်။

အာဆင်နယ်ဟာ ၂၀၂၀ နွေရာသီမှာ ချယ်ဆီးကနေ ဝီလီယံကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး ၃ နှစ်စာချုပ် ချုပ်ဆိုခဲ့တာပါ။ ဒါပေမယ့် ဘရာဇီးသားဟာ အမ်းမရိတ်ကွင်းမှာ သူ့ရဲ့အကောင်းဆုံး အဆင့်အတန်းကို ရောက်ရှိဖို့ ရုန်းကန်ခဲ့ရတဲ့နောက် ဩဂုတ်လမှာ အာဆင်နယ်နဲ့ စာချုပ် ဖျက်သိမ်းဖို့ တောင်းဆိုခဲ့ပြီး ငယ်ဘဝကလပ်ဖြစ်တဲ့ ကိုရင်သီယန်ဆီ ပြန်သွားခဲ့တာပါ။

အာဆင်နယ်ကနေ ထွက်ခွာခဲ့ရတာနဲ့ ပတ်သက်ပြီး ဝီလီယံက “ကျွန်တော် မပျော်ရွှင်ခဲ့ပါဘူး။ ဒါကြောင့်ပဲ ခြေစွမ်းပြ မကစားနိုင်ခဲ့တာပါ။ အတွင်းကျကျတော့ မပြောချင်ပါဘူး။ ဒါပေမယ့် ကျွန်တော် မပျော်ခဲ့ဘူး။

အာဆငန်ယ်ကိုရောက်စ အစပိုင်းမှာ ကျွန်တော် ပျော်ရွှင်၊ တက်ကြွနေခဲ့တာပါ။ ကလပ်အသစ်၊ အသင်းဖော်အသစ်တွေ၊ စီမံကိန်းအသစ်တွေနဲ့ ကောင်းကောင်းလုပ်ချင်ခဲ့တယ်။ ဒါပေမယ့် ၃လအကြာမှာပဲ ‘ကျေးဇူးပြုပြီး ကျွန်တော် ထွက်သွားချင်တယ်’ လို့ အေးဂျင့်ကို ပြောပြခဲ့ပါတယ်။

ကျွန်တော် ကလပ်အကြောင်း မကောင်းတာတွေ မပြောချင်ပါဘူး။ အာဆင်နယ်က ကြီးကျယ်တဲ့ ကလပ်တစ်ခုဖြစ်ပြီး ကြီးမားတဲ့ သမိုင်းကြောင်းရှိတယ်။ ကြီးကျယ်တဲ့ ကစားသမားတွေက ထိပ်တန်းအသင်း ဖြစ်မလာခင်ထဲက အဲ့ဒီ့မှာ ကစားခဲ့ကြတာပါ။ ဒါပေမယ့် အလုပ်မဖြစ်ခဲ့ဘူး။ ဒါကြောင့်ပဲ အဲ့ဒီ့ကာလတွေက ကျွန်တော့်ဘဝရဲ့ အခက်ခဲဆုံးအချိန် ဖြစ်ခဲ့တာပါ ” လို့ ပြောပြခဲ့ပါတယ်။

အသက် ၃၃ နှစ်အရွယ် ကစားသမားဟာ အာဆင်နယ်နဲ့ စာချုပ်ဖျက်သိမ်းဖို့ သဘောတူခဲ့တဲ့အချိန်မှာ ၂နှစ်စာ လစာကို စွန့်လွှတ်ခဲ့ရတာဖြစ်ပေမယ့် သူဟာ ပွဲကစားရတဲ့အပေါ် ပျော်ရွှင်လိုလားတဲ့စိတ်တွေ ပြန်လည်ရှာဖွေဖို့ အဲ့ဒီ့လစာတွေကို ကျေကျေနပ်နပ်နဲ့ စွန့်လွှတ်ခဲ့တာဖြစ်ပါတယ်။

“ဟုတ်ပါတယ်။ ကျွန်တော် ဆုံးရှုံးခံခဲ့တဲ့ ငွေပမာဏက အများကြီးပါ။ ဒါပေမယ့် ပိုက်ဆံက ဘဝမှာ အရေးအကြီးဆုံး မဟုတ်ပါဘူး။ ကိုယ့်ဘဝမှာ ပျော်ရွှင်နေဖို့လိုတယ်၊ စိတ်ကျေနပ်မှုရှိဖို့ လိုပါတယ်။ အိပ်ယာထပြီးတော့ လေ့ကျင့်ရေး သွားချင်တဲ့ စိတ်အားထက်သန်မှုမျိုး ရှိဖို့လိုတယ်။ ကျွန်တော့်မှာ အဲ့ဒါတွေ မရှိခဲ့ဘူး။

ဒါကြောင့်ပဲ ကျွန်တော့်ကိုယ့်ဘာသာ ပြောခဲ့တယ်။ ‘ငါဒီမှာ မနေနိုင်ဘူး။ ဒီမှာ မပျော်ဘူး။ ဒီကနေ ထွက်သွားရမယ်။ ကလပ်ကို စွန့်ခွာဖို့ နည်းလမ်းရှာရမယ်’ ဆိုပြီး ကျွန်တော့်မိသားစုနဲ့ အမျိုးသမီးကို ပြောပြခဲ့ပါတယ်။ ကျွန်တော့်အတွက်တော့ ပိုက်ဆံအတွက်နဲ့ ကိုယ်မနေချင်တဲ့ နေရာမှာ နေနေရတာ မမျှတဘူး ” လို့ ဝီလီယံက ပြောပြခဲ့တာ ဖြစ်ပါတယ်။