ပရီးမီးယားလိဂ် အဆင့် ၄ အတွက် ယူနိုက်တက် သတိထားရတော့မယ့် ကလပ်ကို ဂယ်ရီနဗီး ထုတ်ဖော်

ပရီးမီးယားလိဂ်ရဲ့ ထိပ်ဆုံးလေးနေရာအတွက် တွန်းအားပေးဖို့ နည်းပြ ကွန်တီ လက်အောက်မှာ စပါးအနေက ပြိုင်ဘက်တွေကို ခြိမ်းခြောက်လာနိုင်ပြီဖြစ်ကြောင်း ဂယ်ရီနဗီးက ထောက်ခံအားပေးခဲ့ပါတယ်။

စပါးဟာ မနေ့က လီဗာပူးနဲ့ သရေကျခဲ့ပြီးတော့ မာဆေးဆိုဒ်ကလပ်ကို လက်ရှိချန်ပီယံ မန်စီးတီးနဲ့ ရမှတ်ကွာဟသွားစေခဲ့တာ ဖြစ်ပါတယ်။ မြောက်လန်ဒန်အသင်းကတော့ အဆင့် ၇ နေရာမှာ ရပ်တည်နေဆဲဖြစ်ပြီး သူတို့မှာ ဖျက်သိမ်းထားရတဲ့ ပွဲ ၃ ပွဲ ကစားဖို့ ကျန်နေပါသေးတယ်။

စပါးဟာ ကိုဗစ်ကူးစက်မှုနှုန်း မြင့်မားမှုကြောင့် ဒီဇင်ဘာ ၅ ရက်ကတည်းက တစ်ပွဲမှ မကစားခဲ့ရတာပါ။ ဒါပေမယ့် ထိပ်ဆုံးလေးနေရာအတွက် ပြိုင်ပွဲက အာဆင်နယ်၊ ဝက်ဟမ်း၊ ယူနိုက်တက်နဲ့ စပါးတို့ ယှဉ်ပြိုင်ရဖို့ ရှိနေတယ်။ လီဗာပူးနဲ့ပွဲအပြီးမှာ ဂယ်ရီနဗီးက စပါးကို ထိပ်ဆုံးလေးနေရာအတွက် ပြိုင်ဆိုင်နိုင်လိမ့်မယ်လို့ ခန့်မှန်းပေးခဲ့ပါတယ်။

“ ကွန်တီက နည်းပြကောင်းတစ်ယောက်ပါ။ ဒီအသင်းမှာ သူ့ရဲ့ လွှမ်းမိုးမှုကို မြင်နိုင်ပါတယ်။ အရင်တုန်းက အင်အားနဲ့ အခုကို နှိုင်းယှဉ်ကြည့်ပါ။ ကွင်းထဲက ပရိသတ်တွေက လှုပ်လှုပ်ရှားရှား ဖြစ်နေပြီး တစ်ပွဲလုံး စိတ်ဝင်စားစရာ ကောင်းခဲ့ပါတယ်။

ကွင်းဘေးစည်းမှာ နည်းပြရဲ့ စိတ်ခံစားမှုတွေကို တွေ့ရမှာပါ။ သူက အနိုင်ရဖို့ စိတ်အားထက်သန်မှုရှိပြီး အလေးအနက်ထား အာရုံစိုက်နေတာပါ။ လွဲချော်သွားတဲ့ အခွင့်အရေးတွေကို သူ စိတ်ပျက်နေပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ သူက အသင်းကို ပြီးပြည့်စုံအောင် တည်ဆောက်ထားတယ်လို့ ထင်နေတာပါ။ စပါးမှာ ကစားသမားကောင်းတွေကို ရထားတာအတွက်လည်း သူဂုဏ်ယူနေမှာပါ။

လွန်ခဲ့တဲ့ ၁၂ လ ၁၈ လလောက်က ကျွန်တော်တို့ မေးခွန်းထုတ်ခဲ့တယ်။ စပါးက နေဝင်ချိန်ရောက်ခဲ့ပြီလား။ ပိုချက်တီနိုလက်အောက်မှာ သုံးဖြုန်းခဲ့သလောက် ကောင်းကောင်းဖြစ်ခဲ့ရဲ့လားပေါ့။ ဒါပေမယ့် သူတို့က တကယ်ကို ပြိုင်ဆိုင်လိုစိတ်ရှိပြီး ထိပ်ဆုံးလေးနေရာအတွက် တိုက်ပွဲဝင်နိုင်တယ်ဆိုတာကို ဒီနေ့မှာ ပြသခဲ့ပါတယ်။

ဒါက ချယ်ဆီး၊ ယူနိုက်တက်၊ အာဆင်နယ်၊ ဝက်စ်ဟမ်းနဲ့အတူ အဆင့် ၄ နေရာကို မှန်းထားတဲ့ တခြားအသင်းတွေအားလုံးအတွက် အနည်းငယ် စိုးရိမ်စရာ ဖြစ်စေမှာပါ။ ဒီစပါးအသင်းဟာ နောက်လေးငါးလအတွင်းမှာ အစစ်အမှန်ပုံစံတွေ ပြသလာပါလိမ့်မယ် ” လို့ နဗီးက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။