ဟာနန်ဒက်စ်၊ ဒီကီတီလယ်ရီ၊ ဘာဂျီတို့နဲ့ ချယ်ဆီးအသင်းရဲ့ အပြောင်းအရွှေ့ နောက်ဆုံးရ ကိစ္စများ

တောင့်တင်းတဲ့ လူစာရင်းနဲ့ ရာသီအစ ရက်သတ္တပတ်တွေကို ရွက်လွှင့်နိုင်ခဲ့ပေမယ့် လက်တလော ချယ်ဆီးအသင်းမှာ အပြောင်းအရွှေ့အတွက် စဉ်းစားရမယ့် ကိစ္စတွေ အများကြီး ရှိလာနေပါတယ်။

အဲဗာတန်နဲ့ ၁ ဂိုးစီသရေ၊ ဝုဗ်နဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ပွဲတွေဟာ တူချယ်ရဲ့အသင်းအတွက် အခုနောက်ဆုံးကြုံခဲ့ရတဲ့ အနှောင့်အယှက်ဖြစ်ခဲ့ပြီး လန်ဒန်ကလပ်ဟာ မန်စီးတီး၊ လီဗာပူးတို့နဲ့ အမှတ်တွေ စတင်ကွာဟသွားခဲ့ပြီ ဖြစ်ပါတယ်။

ချယ်ဆီးအသင်းမှာ ဟာကွက်တွေရှိနေပြီး ကိုဗစ် ကူးစက်ခံထားရတဲ့သူတွေ များနေတာကြောင့် ဇန်နဝါရီ အပြောင်းအရွှေ့ဟာ ဥရောပ လက်ရှိချန်ပီယံတွေအတွက် သူတို့အသင်းကို ပြန်လည်အင်အားဖြည့်တင်းဖို့ အခွင့်အရေးပဲ ဖြစ်ပါတယ်။

ဟာနန်ဒက်ဇ်နဲ့ ချိတ်ဆက်မှု

ချယ်ဆီးဟာ ဇန်နဝါရီမှာ အေစီမီလန် ဘယ်အစွန်လူ သီယိုဟာနန်ဒက်ဇ်ကို ခေါ်ယူဖို့ ကြိုးစားသွားမှာပါ။ ချယ်ဆီးဟာ လက်ရှိမှာ ဒူးအရွတ် စုတ်ပြဲဒဏ်ရာရနေတဲ့ ဘန်ချီဝဲ မပါပဲ ကစားနေရတာဖြစ်ပြီး သူ့အစားထိုး အလွန်ဆိုကလည်း အစကောင်းပြီး အခုနောက်ပိုင်းမှာ ရုန်းကန်နေခဲ့ရတာပါ။

ဟာနန်ဒက်ဇ်ဟာ သူတို့နှစ်ယောက်လုံးအတွက် အသင့်တော်ဆုံး အစားထိုးစရာ ဖြစ်နိုင်ပါတယ်။ ဘယ်တောင်ပံမှာ သူ့ရဲ့ ပြင်းထန်တဲ့ အရှိန်အဟုန်က အေစီမီလန်ကို အီတလီမှာ အကောင်းဆုံး အသင်းတစ်သင်း အဖြစ် ပြန်လည်ဦးမော့လာစေရေးမှာ အဓိက ကျခဲ့တာပါ။

ပြင်သစ်သားဟာ နောက်ဆုံး စီးရီးအေ ၃ ရာသီမှာ ၁၄ ဂိုးနဲ့ ဖန်တီးမှု ၁၃ ကြိမ် ပြုလုပ်ပေးခဲ့ပြီး စတန်းဖို့ဒ်ဘရစ်ချ်မှာလို ပိုပြီးတော့ လွတ်လွတ်လပ်လပ် တိုက်စစ် လိုက်ပါခွင့်ရရင် အဆုံးသတ်ပိုင်းထဲမှာ ပိုပြီးတော့တောင် ဒုက္ခပေးနိုင်တဲ့ အလားအလာ ရှိပါတယ်။

ချယ်ဆီးကို လာချင်နေတဲ့ De Ketelaere

ကလပ်ဘရူဂါရဲ့ ကြယ်ပွင့်အသစ် ချားလ်စ် ဒီကီတီလယ်ရီဟာ ချယ်ဆီးအသင်းထံ ပြောင်းရွှေ့ဖို့ အခွင့်အရေးရရင် အမိအရ ဖမ်းဆုပ်ထားမှာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

ဘယ်လ်ဂျီယမ်ရဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံး လူငယ်ခြေတက်တွေထဲ ပါဝင်တဲ့ တိုက်စစ်သမားဟာ ချန်ပီယံလိဂ်မှာ ပီအက်စ်ဂျီ၊ မန်စီးတီး၊ လိုက်ဇစ်တို့လို ထိပ်တန်းအသင်းတွေနဲ့ ရင်ဆိုင်ခဲ့ရာမှာ ဘရူဂါအတွက် စွမ်းဆောင်ရည်ကောင်းတွေနဲ့ ကူညီပေးခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် အခုလို အပြောင်းအရွှေ့အတွက် ချိတ်ဆက်ခံနေရတာက အံ့ဩစရာမရှိပဲ အသက် ၂၀ အရွယ် ကစားသမားဟာ အနာဂတ်မှာ ကြီးမားတဲ့ အပြောင်းအရွှေ့တစ်ခုအကြောင်း စဉ်းစားနေပြီး ဖြစ်ပါတယ်။

“ဘောလုံးလောကမှာ လူတိုင်းထံကနေ နားထောင်ဖို့ လိုတယ်။ ကျွန်တော့်မှာ ရွေးချယ်စရာတစ်ခု ရှိလာရင်လည်း အဲ့ဒီ့လိုပဲ ကျွန်တော် လုပ်သွားမှာပါ။ မနက်ဖြန်မှာ ချယ်ဆီးလို တကယ့် ထိပ်တန်းကလပ်တစ်ခုက ကျွန်တော့်ကို လိုချင်တယ်ဆိုရင် လက်မှတ်ထိုးဖို့ ကျွန်တော် ဆုံးဖြတ်ကောင်းဆုံးဖြတ်နိုင်ပါတယ်။ အရာအားလုံး ဖြစ်နိုင်ပါတယ်။

လာသမျှ အခွင့်အရေးကို ကျွန်တော် အသုံးချသွားမှာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်က အနာဂတ်မှာ မနေဘူး။ ပစ္စုပ္ပန်တည့်တည့်ကိုပဲ ကြည့်တယ်။ ရီးရဲလ်တို့၊ ဘာစီလိုနာတို့မှာမှ ကစားမယ်လို့ မတွေးပါဘူး ” လို့ ပြောဆိုခဲ့တာပါ။

ဘာဂျီကို ကင်းထောက်နေတဲ့ ချယ်ဆီး

ကိုပင်ဟေဂင်ကြယ်ပွင့် ရူနီ ဘာဂျီကို ကင်းထောက်နေတဲ့ ဥရောပ ထိပ်သီးကလပ်တွေ များစွာထဲမှာ ချယ်ဆီးလည်း ပါဝင်ပါတယ်။ အသက် ၁၆ နှစ်အရွယ် ကစားသမားဟာ နိုဝင်ဘာတုန်းက ဒိန်းမတ် ထိပ်သီးလိဂ်သမိုင်းမှာ အသက်အငယ်ဆုံး ဂိုးသွင်းရှင် ဖြစ်လာခဲ့သူပါ။

လက်ရှိမှာ သူ့ကို ဥရောပ အကောင်းဆုံးအသင်းကြီး တချို့ သတိပြုမိနေတဲ့ အခိုက်အတန့်လည်း ဖြစ်နေပါတယ်။

“ ချယ်ဆီး၊ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်နဲ့ အေဂျက်တို့အားလုံးဟာ ရူနီကို စောင့်ကြည့်ဖို့ ကင်းထောက်တွေ စေလွှတ်ခဲ့ပါတယ်။ တခြားအသင်းတွေကလည်း ဖေဖော်ဝါရီမှာ ကိုပင်ဟေဂင်ရဲ့ ရာသီ ပြန်စတဲ့အခါ ထပ်မံစောင့်ကြည့်လာဦးမှာပါ ” လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။