ဥရောပပြိုင်ပွဲတွေမှာ ဘရာဇီးနဲ့ အာဂျင်တီးနားအပါ (၁၀) သင်း ပူးပေါင်း ပါဝင်ဖို့ သဘောတူညီ

တောင်အမေရိက ဘောလုံးအဖွဲ့ချုပ် CONMEBOL ဟာ နှစ်နှစ်တစ်ကြိမ် ကျင်းပမယ့် ဥရောပ နေးရှင်းလိဂ်ပြိုင်ပွဲကို ပူးပေါင်းဖို့ သဘောတူညီခဲ့ကြောင်း UEFA ဒုတိယဥက္ကဌ ဇဘစ်နီရာ ဘိုနီရက်က အတည်ပြုခဲ့တဲ့နောက် ဘရာဇီးနဲ့ အာဂျင်တီးနားတို့လို အသင်းတွေဟာ ဥရောပပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်တော့မှာ ဖြစ်ပါတယ်။

၂၀၁၈ မှာ စတင်ခဲ့တဲ့ နေးရှင်းလိဂ်ကို လက်ရှိမှာ UEFA လက်အောက်က ၅၅ နိုင်ငံသာ ပါဝင် ယှဉ်ပြိုင်ခဲ့ရတာပါ။ ဒါပေမယ့် ၂၀၂၄ ကနေစပြီး ပုံစံအသစ်နဲ့ ပြိုင်ပွဲမှာ တောင်အမေရိက လက်ရွေးစင် ၁၀ သင်းကလည်း ပါဝင်ပူးပေါင်းလာတော့မှာ ဖြစ်ပါတယ်။

ဒီအဆိုနဲ့ ပတ်သက်ပြီး ဘိုနီရက်က “၂၀၂၄ ကနေစပြီး ကွန်မီဘိုးလ်ဟာ နေးရှင်းလိဂ်ကို လာရောက်ပူးပေါင်းတော့မှာပါ။ ဘယ်လိုပုံစံနဲ့ သွားမလဲဆိုတာတော့ ကျွန်တော်တို့ မဆုံးဖြတ်ရသေးပါဘူး။

၂၀၂၄ ကနေစပြီး ဒီအသင်းတွေ နေးရှင်းလိဂ်မှာ ပါဝင်ကစားမယ် ဆိုတာကို ကွန်မီဘိုးလ်နဲ့ ယူအယ်ဖာ ကြား ပူးပေါင်းဖို့နဲ့ ပတ်သက်ပြီး သဘောတူ စာချုပ်မူကြမ်းတစ်ခု လက်မှတ်ထိုးခဲ့ကြပါတယ်”လို့ ဆိုပါတယ်။

တောင်အမေရိက ၆ သင်းဟာ နေးရှင်းလိဂ်ရဲ့ လိဂ်အေမှာ ပူးပေါင်းမှာဖြစ်ပြီး နောက်ထပ် ၄ သင်းကတော့ လိဂ်ဘီမှာ ပူးပေါင်းမှာဖြစ်တယ်လို့ ဘိုနီရက်က အသိပေးခဲ့ပါတယ်။ ကစားပွဲတွေကိုတော့ ခရီးသွားချိန်တွေ လျှော့ချဖို့ ဥရောပမှာပဲ ကစားသွားဖို့ မျှော်လင့်ရပါတယ်။

ပိုမိုကျယ်ပြန့်လာတဲ့ နေးရှင်းလိဂ်ဟာ ယူအယ်ဖာနဲ့ ကွန်မီဘိုးလ်ကြား ပိုနီးစပ်တဲ့ ဆက်သွယ်မှုတွေအတွက် နောက်ထပ် ခြေတစ်လှမ်း ဖြစ်နိုင်ပါတယ်။

အဖွဲ့ချုပ် နှစ်ခုဟာ သူတို့ရဲ့ လက်ရှိ ပူးပေါင်းမှုကို ဖြန့်ကျက်ပြီး ပထဝီဝင် ဇုန်တွေကို ကျော်လွှားပြီး ဘောလုံးလောက တိုးတက်စေဖို့ နှစ်ဖက်သဘောတူညီမှု တစ်ခုကို ပြီးခဲ့တဲ့အပတ်က လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

ဒီသဘောတူညီမှုထဲမှာ လန်ဒန်မှာ စပ်တူ ရုံးခန်းတစ်ခု ဖွင့်လှစ်ဖို့ ပါဝင်ပြီး အဲ့ဒီ့အချက်ဟာ အများစိတ်ဝင်စားစေမယ့် ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းတွေကို အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။

ဒီအစီအစဉ်ရဲ့ ပထမဆုံး ဥပမာက ၂၀၂၂ ဇွန်လမှာ ကိုပါအမေရိက ချန်ပီယံ အာဂျင်တီးနားနဲ့ ယူရို ၂၀၂၀ ချန်ပီယံ အီတလီတို့ ချစ်ကြည်ရေးပွဲ ကစားမှာဖြစ်ပြီး ဒါဟာ မတူညီတဲ့ တိုက် ၂ တိုက်က ချန်ပီယံတွေကြား ကစားရမယ့် ၃ ပွဲထဲက ပထမဆုံးပွဲ ဖြစ်မှာပါ။

ပြင်ဆင်မှုတွေ လုပ်ထားတဲ့ နေးရှင်းလိဂ်ဟာ ၄ နှစ်တစ်ကြိမ်အစား ၂ နှစ်တစ်ကြိမ် ကမ္ဘာ့ဖလားကျင်းပချင်နေတဲ့ ဖီဖာရဲ့ အစီအစဉ်တွေနဲ့ တိုက်ရိုက် ပဋိပက္ခ ဖြစ်လာဖို့တော့ ရှိနေတယ်။

လက်ရှိ နေးရှင်းလိဂ်ဟာ တခြားသော အဓိက နိုင်ငံတကာပြိုင်ပွဲတွေနဲ့ အဆင်ပြေပြေ ဖြစ်နေပေမယ့် ၂ နှစ်တစ်ကြိမ် ကျင်းပခဲ့မယ်ဆိုရင် ကမ္ဘာ့ဖလားနဲ့ တိုက်ဆိုင်သွားမှာပါ။

ယူအယ်ဖာနဲ့ ကွန်မီဘိုးလ်တို့ဟာ ကမ္ဘာ့ဖလားကို ၂ နှစ်တစ်ကြိမ် ကျင်းပမယ့် ဖီဖာရဲ့ အစီအစဉ်တွေကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ခဲ့ပြီး ယူအယ်ဖာ ဥက္ကဌ ဆီဖာရင်က အဲ့ဒါကို ‘အလေးအနက် စိုးရိမ်စရာတွေ’ အဖြစ် မှတ်ချက်ပေးခဲ့သေးတာပါ။

ဘောလုံးလောကရဲ့ ကမ္ဘာ့ထိပ်သီး အဖွဲ့ချုပ်ကတော့ သူတို့ရဲ့ ၂ နှစ်တစ်ကြိမ် ကမ္ဘာ့ဖလား အစီအစဉ်တွေ အပါအဝင် ဘောလုံးအားကစားရဲ့ အနာဂတ်ကို ဆွေးနွေးဖို့ တနင်္လာနေ့မှာ ကမ္ဘာလုံးဆိုင်ရာ ထိပ်သီးအစည်းအဝေး ကျင်းပသွားမှာ ဖြစ်ပါတယ်။