အာဆင်နယ်ကနေ ဖယ်ထုတ်ခံရပြီး အသင်းပါ ပြောင်းရမယ့် အူဘာမီယန်းရဲ့ နောက်ဆုံးရ အခြေအနေ

အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းဟာ အာဆင်နယ်အသင်းမှာ လေ့ကျင့်ရေးဆင်းခွင့် မရတော့ဘဲ အာဖရိကဖလားပွဲ မတိုင်ခင်ထိ ကိုယ်ပိုင် လေ့ကျင့်ရေးပဲ ပြုလုပ်သွားရမယ်လို့ တယ်လီဂရပ်က ဖော်ပြပါတယ်။

အာဆင်နယ်မန်နေဂျာ အာတီတာက သောကြာနေ့တုန်းကပဲ လိဒ်ယူနိုက်တက်ကို ရင်ဆိုင်ရမယ့် ဒီအပတ်ပွဲမှာ အူဘာကို ထည့်မကစားပါဘူးလို့ ပြောဆိုခဲ့တာပါ။ ဇန်နဝါရီလ ၉ ရက်ကနေ ဖေဖော်ဝါရီလ ၆ ရက်နေ့ထိ ကျင်းပမယ့် အာဖရိကပွဲ မတိုင်ခင်ထိ အူဘာမီယန်းဟာ အာဆင်နယ်အသင်း လေ့ကျင့်ရေးမှာ ပါဝင်ခွင့်မရတော့မယ့် အခြေအနေဖြစ်ပါတယ်။

ဒီအပတ်မှာပဲ အာဆင်နယ် အသင်းခေါင်းဆောင် ရာထူးကနေ ဖြုတ်ချခံခဲ့ရတဲ့ အူဘာဟာ ကလပ်ရဲ့ စည်းမျဉ်းပိုင်းဆိုင်ရာကို ချိုးဖောက်တယ်လို့ပဲ သိထားရပြီး ဆောင်သမ်တန်နဲ့ ဝက်ဟမ်းပွဲတွေမှာလည်း ဖယ်ထုတ်ခံခဲ့ရပါတယ်။ တိုက်စစ်သမားကို အသင်းနဲ့ လေ့ကျင့်ရေး ပေးမဆင်းပေမယ့်လို့ လန်ဒန်ကိုနေးမှာ ကြံ့ခိုင်မှုအတွက် တစ်ဦးတည်း လေ့ကျင့်ခွင့်တော့ ပေးထားပါတယ်။

လာမယ့်လမှာ အာဖရိကဖလားပွဲအတွက် သွားရောက်ရမှာဖြစ်ကာ တိုက်စစ်သမား ဇန်နဝါရီမှာတင် အငှား ဒါမှမဟုတ် အပြီးသတ်ဖြင့်လည်း အာဆင်နယ်ကို စွန့်ခွာသွားဖို့ နီးစပ်နေပါတယ်။ သူ့ကို ခေါ်ယူဖို ဘာစီလိုနာလို ကလပ်ကလည်း စိတ်ဝင်စားနေတာပါ။

ဘောလုံးရာသီ ဒုတိယရာသီဝက် လူစာရင်းကို လာမယ့် လတွေမှာ နာမည်စာရင်း တင်မယ့်အခါ အူဘာမီယန်းရဲ့ နာမည်ကို ထည့်သွင်းဖို့က အာဖရိကဖလားပွဲအပြီး ကစားသမားရဲ့ အပြောင်းအရွှေ့ကိစ္စ အဆင်ပြေမပြေကို စောင့်ကြည့်သွားရမှာပါ။ အပြောင်းအရွှေ့ ဖြစ်မလာခဲ့ရင်တော့ ကင်မရွန်းကနေ ပြန်လာမှပဲ အူဘာရဲ့ အခြေအနေအတွက် အာဆင်နယ်ဘက်က ပြန်လည် သုံးသပ်မှာ ဖြစ်ပါတယ်။

လက်တလောမှာ အူဘာမီယန်းရဲ့ အသင်းခေါင်းဆောင် နေရာအတွက် အမြဲတမ်း ခန့်အပ်မှု ပြုလုပ်သေးဖွယ် မရှိဘဲ စီနီယာ ကစားသမားတွေဖြစ်တဲ့ လာကာဇက်တီ၊ ရှာခါတို့ကို တာဝန်ပေးသွားဖို့ ရှိနေပါတယ်။ လာကာဇက်တီက ပြီးခဲ့တဲ့ နှစ်ပွဲမှာ အသင်းခေါင်းဆောင် လက်ပတ်ကို တာဝန်ယူထားပေမယ့် သူကလည်း ရာသီကုန်ရင် စာချုပ် ကုန်ဆုံးမှာပါ။

အာတီတာဟာ ဒီရာသီ အကုန်မှာမှ ကာလရှည် တာဝန်ယူမယ့် အမြဲတမ်း အသင်းခေါင်းဆောင်ကို ခန့်အပ်မှာဖြစ်ပြီး ဘယ်အစွန်လူ တီရာနေးနဲ့ ကွင်းလယ်လူ အိုဒီဂတ်တို့က ရေပန်းစားနေခဲ့တာပဲ ဖြစ်ပါတယ်။