ဇန်နဝါရီ အပြောင်းအရွှေ့မှာ ချယ်ဆီးအသင်း ခေါ်ယူမယ့် ကစားသမားကို တူချယ် ထုတ်ဖော်

ချယ်ဆီးအသင်းဟာ ဇန်နဝါရီ ဈေးကွက်မှာ ကစားသမားသစ် ခေါ်ယူဖို့အတွက် ဝင်ရောက်လာမှာဖြစ်ပြီး ဘယ်လိုကစားသမားမျိုး ခေါ်ယူမလဲဆိုတာကို မန်နေဂျာ တူချယ်က ထုတ်ပြောလာခဲ့ပြီဖြစ်ပါတယ်။

ချယ်ဆီးအသင်းမှာ ဒဏ်ရာရ ကစားသမားတွေ ရှိလာနေပြီး အချို့သော နေရာတွေဟာ လက်တလော ရလဒ်ပိုင်း ကျဆင်းလာမှုအတွက် ထိခိုက်မှုတွေ ကြီးမားနေစေတာဖြစ်တယ်။ ကွင်းလယ်နဲ့ ဘယ်ခြမ်း တောင်ပံ-အစွန် နေရာက လက်ရှိ ချယ်ဆီးအသင်းမှာ အင်အားနည်းပါးနေတဲ့ နေရာမျိုးတွေ ဖြစ်ကြပါတယ်။

ချယ်ဆီးရဲ့ ဘယ်အစွန်လူမှာ ဘမ်ချီးဝဲလ် ဒဏ်ရာရသွားတာကြောင့် သူနေရာမှာ ဖာထေးဖို့အတွက် ဇန်နဝါရီမှာ ဘယ်ခြမ်း တောင်ပံ-အစွန်သမား တစ်ဦးကို ခေါ်ယူဖွယ်ရှိတယ်လို့ ချယ်ဆီးမန်နေဂျာက ပြောပါတယ်။ ကစားသမား ခေါ်ယူမလား မခေါ်ယူဘူးလားဆိုတာတော့ ဘယ်အစွန်လူတွေရဲ့ အခြေအနေကို အရင်ဆုံး စစ်ဆေးရလိမ့်မယ်လို့ ချယ်ဆီး မန်နေဂျာက ပြောပြသွားခဲ့တယ်။

တူချယ်က ” ပထမဆုံး ဘမ်ရဲ့ အခြေအနေကို သေချာသိအောင် လုပ်ရပါမယ်။ အဲ့တာပြီးရင်တော့ ကျနေ်ာတို့ ကလပ်တွင်း ဖြေရှင်းမှုတွေအတွက် ဆုံးဖြတ်ရမှာဖြစ်တယ်။ ဒီကာလကို ရင်ဆိုင်ကျော်ဖြတ်နိုင်မလား ဆိုတာအတွက်ပေါ့။

ကိစ္စအားလုံးက သူဘယ်လောက်ကြာကြာ အနားယူရမလဲဆိုတဲ့ ချီးဝဲလ်အပေါ်မှာပဲ မူတည်နေပါတယ်။ အဲ့တာပြီးရင် အခြားသော အရန် အခြေအနေတွေကို လေ့လာရမှာဖြစ်ပြီး တစ်ခုခုကို လုပ်ရမှာလား၊ လုပ်ဖို့ အခွင့်အရေး ရှိမလားဆိုတာတွေပေါ့။

ဒါပေမယ့်လို့ ဒီအတွက် လုပ်ငန်းစဉ်တွေကို မစတင်သေးပါဘူး ဘာလို့လည်းဆိုတော့ ကိုယ်ဘာသာ ကာကွယ်ဖို့ လုပ်ချင်လိုပါ။ အရေးကြီးတဲ့ ကိစ္စတွေအတွက် အာရုံစိုက်မှုတွေကို မလျော့စေချင်ပါဘူး။ အခုချိန်မှာ အရေးကြီးဆုံးက ဘမ်နဲ့ မာကိုစ်တို့ပါပဲ။ အဲ့ကနေမှ ရှေ့ဆက်ရပါမယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

ချယ်ဆီးကွင်းလယ်မှာ ကန်တေ ဒဏ်ရာရနေပြီး ကိုဗာဆစ်ကလည်း ကိုဗစ် ကူးစက်မှု ခံထားရတာပါ။ ထိုနည်းတူ ကွင်းလယ်လူ ဂျော်ဂျင်ဟိုကလည်း နောက်ကျောနာကျင်မှု ရှိနေတဲ့ကြားက ပွဲတွေ ကစားနေရတာဖြစ်ကာ နွေတုန်းက ခေါ်ယူထားတဲ့ ဆာအူးလ်က ကလပ်မှာ အံမဝင်သေးတာနဲ့အတူ ကွင်းလယ်ပိုင်းကလည်း ရုန်းကန်နေရတာဖြစ်ပါတယ်။