အမှတ်ပေးဖလား ပြိုင်ဆိုင်မှုမှာ ရေပန်းစားမှု ကျဆင်းကာ စတင် ဖယ်ထုတ်ခံလာရတဲ့ ချယ်ဆီး

လီဗာပူး၊ ချယ်ဆီး၊ မန်စီးတီးတို့ သုံးသင်းလုရမယ့် ပြိုင်ပွဲမှာ မန်စီးတီးဟာ အခြားသော အသင်းနှစ်သင်းထက် ရှေ့ရောက်နေပြီး သူတို့ရဲ့ ပရီးမီးယားလိဂ်ဖလားကို ကာကွယ်လိမ့်မယ်လို့ ဂျိုးကိုးလ်နဲ့ ဂျာမိန်း ဂျီနက်စ်တို့က ထောက်ခံခဲ့လိုက်ပါတယ်။

စီးတီးဟာ အင်္ဂါနေ့က လိဒ်စ်ကို ၇-၀ နဲ့ အနိုင်ရခဲ့ပြီး အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို ဆက်လက် ထိန်းသိမ်းထားခဲ့ပါတယ်။ လီဗာပူးဟာ မနေ့က နယူးကာဆယ်ကို ၃-၁ ဖြင့် အနိုင်ရခဲ့တာကြောင့် တစ်မှတ်အကွာနဲ့ ဆက်ဖိအားပေးနေကာ အင်္ဂလန်ဘောလုံးလောကရဲ့ အလိုချင်ဆုံး ဆုဖလားအတွက် သူတို့ နှစ်သင်းက အဓိကအဖြစ် ယှဉ်ပြိုင် တိုက်ပွဲဝင်ကြရဖွယ် ရှိပါတယ်။

ဥရောပချန်ပီယံ ချယ်ဆီးကတော့ အဲဗာတန်နဲ့ ၁ ဂိုးစီ သရေကျခဲ့တာနဲ့အတူ ပြိုင်ပွဲစုံ ၄ ပွဲမှာ ၃ ကြိမ်မြောက်အဖြစ် အမှတ်တွေ လျော့ခဲ့ပြီး လီဗာပူး၊ စီးတီးတို့နဲ့ ၃ မှတ်၊ ၄ မှတ်စီ ကွာဟသွားခဲ့ပါတယ်။ မေလမှာ ဘယ်သူတွေ လိဂ်ဖလား အောင်မြင်မလဲလို့ မေးမြန်းခဲ့ရာ ကိုးလ်က

“ ကျွန်တော်ကတော့ မန်စီးတီးလို့ပဲ ဖြေမယ်။ ဒါက ကျွန်တော် ကနဦး ခန့်မှန်းခဲ့တဲ့ ချယ်ဆီးအသင်းကို ပြောင်းလဲလိုက်တဲ့ ပထမဆုံးအကြိမ်ပါ။ ချယ်ဆီးက အမှတ်တွေ လျော့သွားခဲ့တယ်။

လိဒ်စ်နဲ့ပွဲက မန်စီးတီးကို ကျွန်တော် ကြည့်လိုက်တဲ့အချိန်မှာ သူတို့က စိတ်လှုပ်ရှားစရာ ကောင်းခဲ့ပါတယ်။ ကျွန်တော်ပြောမယ့် အဓိကအရာတစ်ခုက သူတို့ဟာ မကြာသေးမီက နှစ်တွေအတွင်း ဖလားအောင်မြင်ခဲ့တဲ့ အတွေ့အကြုံတွေ ရှိနေတာပါပဲ”လို့ ဖြေကြားခဲ့ပါတယ်။

ဂျီနက်စ်ကလည်း လက်ရှိချန်ပီယံ မန်စီးတီးက ဖလားကာကွယ်သွားမယ်လို့ ခန့်မှန်းပေးခဲ့ပေမယ့် ယာဂင်ကလော့ပ်ရဲ့ အသင်းဟာ ဒီရာသီမှာ ဥရောပ အောင်မြင်မှု ရရှိနိုင်တယ်လို့ ယုံကြည်နေတာပါ။

“ ချယ်ဆီးက ဆုတ်ယုတ်လာနေတာက တကယ့် လှုပ်ခါမှုတစ်ခုပါပဲ။ လီဗာပူးက ဥရောပနဲ့လိဂ်မှာ သေချာပေါက် အင်အားတောင့်တင်းလာလိမ့်မယ်။ ဒီနှစ် ဥရောပမှာ လီဗာပူး အောင်မြင်မှု ရလောက်မယ်ထင်ပါတယ် ” လို့ ဆိုပါတယ်။

စီးတီးနောက်ခံလူဟောင်း ဂျိုလီယွန် လက်စကော့ကလည်း ချယ်ဆီးအနေနဲ့ သူတို့ရဲ့ ၅ နှစ်တာ ဖလားရဖို့ စောင့်ဆိုင်းရမှုကို အဆုံးသတ်ချင်ရင် ထိပ်ဆုံးနှစ်သင်းကို အမီလိုက်ရမယ်လို့ သတိပေးခဲ့ပါတယ်။

“သုံးသင်းက ရှေ့ဆုံးကနေ ပြေးနေတယ်ဆိုပေမယ့် ချယ်ဆီးအနေနဲ့ ဂရုစိုက်ဖို့ လိုတယ်။ စီးတီး ၈ ပွဲဆက်၊ လီဗာပူးက ၆ ပွဲဆက် အနိုင်ရထားချိန်မှာ ချယ်ဆီးရဲ့ အကောင်းဆုံး မှတ်တမ်းက ၄ ပွဲဆက်ပါ။ ဒါကြောင့် သူတို့တွေက ရှေ့ဆုံးက နှစ်သင်းရဲ့ အရှိန်အဟုန်ကို လိုက်မီဖို့လိုအပ်တယ်” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။