ဒီပိတ်ရက်မှာ ယှဉ်ပြိုင်မယ့် ပွဲစဉ် ၅ ပွဲကို ရွှေ့ဆိုင်းလိုက်ကြောင်း ပရီးမီးယားလိဂ် အတည်ပြု

ပရီးမီးယားလိဂ်ဟာ ကိုရိုနာဗိုင်းရပ် ပျံ့နှံ့မှုတွေကြောင့် ဒီပိတ်ရက်မှာ ယှဉ်ပြိုင်ကစားမယ့် အမှတ်ပေးပွဲစဉ် ၅ ပွဲကို ရွှေ့ဆိုင်းကြောင်း တရားဝင် အတည်ပြုလိုက်ပါတယ်။

စနေနေ့ပွဲတွေဖြစ်တဲ့ ဆောက်သမ်တန် v ဘရန့်ဖိုဒ့်၊ ဝတ်ဖိုဒ့် v ပဲလေစ့်၊ ဝက်ဟမ်း v နောဝစ်ချ်နဲ့ အဲဗာတန် v လက်စတာပွဲတွေကို ရွှေ့ဆိုင်းလိုက်တာဖြစ်တယ်။ နောက်ဆက်တွဲ ပွဲစဉ်အဖြစ် ယူနိုက်တက် v ဘရိုက်တန် ပွဲကိုလည်း ရွှေ့ဆိုင်းလိုက်ပြီဖြစ်ကြောင်း ကြေညာသွားခဲ့တယ်။

အခုချိန်ထိတော့ စနေနေ့ပွဲတွေဖြစ်တဲ့ အက်စတွန်ဗီလာ v ဘန်လေ၊ လိဒ် v အာဆင်နယ်ပွဲတွေကို ပုံမှန်အတိုင်း ဆက်ကစားဖို့နဲ့ တနင်္ဂနွေနေ့ပွဲတွေဖြစ်တဲ့ ဝုဗ် v ချယ်ဆီး၊ နယူးကာဆယ် v မန်စီးတီး၊ စပါး v လီဗာပူးပွဲတွေကိုလည်း မူလ သတ်မှတ်ထားတဲ့အတိုင်း ယှဉ်ပြိုင်စေမယ့် အနေအထားဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ဘက်က ‘ ဒီပွဲတွေကို ရွှေ့ဆိုင်းလိုက်တာအတွက် ပရိသတ်တွေ စိတ်ပျက်ကြမယ်ဆိုတာကို လိဂ်ဘက်က နားလည်ပါတယ်။ ဖြစ်ပေါ်လာတဲ့ အဆင်မပြေမှုများနဲ့ အနှောက်အယှက်များအတွက်လည်း တောင်းပန်ပါတယ်။ အခြားသော ပွဲစဉ်တွေကိုတော့ ဒီပိတ်ရက်တွေမှာ ပုံမှန် အစီအစဉ်အတိုင်း ယှဉ်ပြိုင်ကစားစေမှာ ဖြစ်ပါတယ် ’ လို့ ဖော်ပြသွားခဲ့တာဖြစ်ပါတယ်။

လက်တလောမှာ ဘရန့်ဖိုဒ့်က ကိုဗစ် outbreak အနေအထားကို ရောက်နေပြီး ယူနိုက်တက်ကလည်း အလားတူ အနေအထားမျိုး ရင်ဆိုင်နေရတာဖြစ်တယ်။ ထိပ်သီးအသင်းတွေထဲမှာ လီဗာပူးအသင်းမှ ၃ ဦးနဲ့ ချယ်ဆီးအသင်း ၄ ဦးကလည်း ကိုဗစ် ကူးစက်ခံရမှုတွေ ရှိထားကာ နောက်ဆက်တွဲ ဆေးစစ်ချက်တွေ စောင့်နေရတဲ့ အခြေအနေ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ကတော့ ပိုးကူစက်မှု တစ်ခုချင်းအလိုက် လေ့လာသုံးသပ်ပြီး ကလပ်တွေရဲ့ ပွဲရပ်နားပေးဖို့ တောင်းဆိုမှုတွေကို လက်ခံ နားထောင်ရင်း ဆုံးဖြတ်ပေးနေတယ်လို့ သိရတယ်။

ဒီအပတ် ပွဲစဉ် အားလုံးကို ရပ်နားထားဖို့ တောင်းဆိုမှုတွေ ရှိနေပေမယ့်လည်း ကစားလို့ ရနိုင်တဲ့ ပွဲတွေ ရှိနေသေးရင် ဆက်ကစားစေဖို့ပဲ လိဂ်ဘက်က ဆုံးဖြတ်ပေးမယ့် သဘောမှာ ရှိနေတယ်လို့ လက်တလော အခြေအနေမှာ သိထားရပါတယ်။