လက်ရှိ ချယ်ဆီးနဲ့ မန်စီးတီး၊ လီဗာပူးအသင်းတွေကြားက ကွာခြားမှုကြီးကို တူချယ် ပြောလာ

ချယ်ဆီးမန်နေဂျာ တူချယ်က သူ့အသင်းဟာ အဲဗာတန်ပွဲကို လွှမ်းမိုးထားနိုင်ပေမယ့်လို့ အခွင့်အရေး တစ်ကြိမ်တည်းကနေ ဂိုးပေးလိုက်ရတာအတွက် စိတ်ပျက်နေပါတယ်။ မောင့်ရဲ့ ဦးဆောင်ဂိုးကို ၄ မိနစ်အကြာမှာပဲ ဘရန်ဝိတ်က ဖရီးကစ်ကနေ ခြေပဂိုး ရယူခဲ့ပါတယ်။

တူချယ်က ” ဦးဆောင်မှုကို ဆုံးရှုံးခဲ့တာအတွက် စိတ်ပျက်ရပါတယ်။ ဒီလိုပွဲမှာ ကျနေ်ာတို့ ယူဆောင်လာခဲ့တဲ့ သက်ရောက်မှုတွေကို ကြည့်မယ်ဆိုရင် ကျနေ်ာတို့က သွင်းဂိုး တစ်ဂိုး သွင်းဖို့ လိုခဲ့ပြီး ပြိုင်ဘက်ကလည်း ခြေပဂိုး တစ်ဂိုးသွင်းဖို့ လိုအပ်ခဲ့တယ်။ တကယ်ကို လက်ခံရ ခက်ပါတယ်။

ပထမပိုင်းမှာ အခွင့်အရေးကြီးတွေကို လွဲချော်ခဲ့ပြီး၊ ဒုတိယပိုင်း ခြေစွမ်း တည်ငြိမ်မှုကို မရှာနိုင်ခဲ့ဘူး။ အရန်ခုံကနေ အင်အားဖြည့်မှု လုပ်ဖို့ ကြိုးစားပေမယ့် ခက်ခဲခဲ့ပါတယ်။ ကျနေ်ာတို့ ပွဲကို ဦးဆောင်နိုင်ခဲ့ပေမယ့် ဖရီးကစ်ကနေ ဂိုးပေးခဲ့ရတယ်။

ဘောလုံးမှာ ကိစ္စတွေက တစ်လမ်းတည်းပဲ ဖြစ်နေတာ မဟုတ်ပါဘူး။ ဒီနေ့ပွဲ ရလဒ်ကတော့ ကျနေ်ာတို့ရဲ့ အခွင့်အရေးတွေကို လွဲချော်မှုကြောင့်ဆိုတာ သေချာပါတယ်။ ကျနေ်ာတို့ ၂ ဂိုး၊ ၃ ဂိုးလောက် ဖြစ်နိုင်တဲ့ထိ ကစားပုံ ကောင်းခဲ့ပါတယ်။ ကျနေ်ာတို့အသင်းက ကစားသမားတွေ အများကြီး၊ ပုံမှန်ပွဲကစားသူတွေကိုလည်း လွဲချော်ထားတယ်။ ဒါပေမယ့် အဲ့တာကို ဆင်ခြေအဖြစ် မသုံးလိုပါဘူး ” လို့ ပြောဆိုခဲ့တယ်။

အဲဗာတန်နဲ့ပွမြှာ လူကာကူ၊ ဗာနာ၊ အိုဒွိုင်းနဲ့ ချီးဝဲလ်တို့ ဒဏ်ရာကြောင့် မကစားနိုင်သလို ဟာဗက်နဲ့ ကိုဗာဆစ်တို့ကလည်း ဖျားနာမှုတွေကြောင့် ပွဲနေ့လူစာရင်းမှာ မပါနိုင်ခဲ့ပါဘူး။ ချယ်ဆီးရဲ့ ပွဲထွက်လူစာရင်းနဲ့ အရန်လူစာရင်းအတွက် ထိခိုက်မှု များပြားနေတာပါ။

အဲဗာတန်ပွဲကြိုမှာပဲ ချယ်ဆီးအသင်းဟာ ကိုဗစ်ကူးစက်မှုတွေ ဖြစ်နေကြောင်းပါ သိခဲ့ရတာဖြစ်ပြီး စီနီယာအသင်းသား ၃ ဦး ပါဝင်နေတယ်လို့ သိခဲ့ရတာဖြစ်တယ်။ ဒဏ်ရာရစာရင်း များပြားမှုကပဲ အနီးကပ် ပြိုင်ဘက်တွေနဲ့ အဓိက ကွာခြားမှုလို့ ချယ်ဆီးနည်းပြက မြင်နေပါတယ်။

တူချယ်က ‘ မန်စီးတီး၊ လီဗာပူးအသင်းတို့နဲ့ ကျနေ်ာတို့ကြားမှာ အကြီးမားဆုံး ကွာခြားမှုက သူတို့ အသင်းတွေမှာ ဒဏ်ရာပြဿနာ မရှိတာပါ။ ကျနေ်ာတို့ရဲ့ ကစားသမား ၆ ဦး၊ ၇ ဦးလောက်က ဒဏ်ရာတွေကြောင့် မကစားနိုင်ပါဘူး။

ပြိုင်ဆိုင်မှုအဖို့ရာ လူစာရင်း တစ်ခုလုံးကို လိုအပ်ပြီး အဲ့လို မရှိခဲ့လို့ ကျနေ်ာတို့ ရုန်းကန်နေရတာပါ။ ဒါက ပြဿနာတော့ မဟုတ်ပေမယ့် ကျနေ်ာတို့ လက်ခံရပါမယ်။ ’ လို့ ဆိုခဲ့တာဖြစ်ပါတယ်။