ပရီးမီးယားလိဂ်ကို ရပ်နားဖို့ တောင်းဆိုတဲ့ အသင်းတွေ ထပ်တိုးလာခဲ့ပြန်ပါပြီ

ဘရန့်ဖိုဒ့်နည်းပြ သောမက်စ် ဖရန့်က ဒီပိတ်ရက် ပရီးမီးယားလိဂ် ပွဲစဉ်တွေကို ရပ်နားလိုက်ဖို့ လိဂ်ကို တောင်းဆိုလိုက်ပြီး ကိုဗစ်ကူးစက်မှုကို ဂရုပြုကြဖို့ သတိပေးလိုက်ပါတယ်။

မီဒီယာဆွေးနွေးပွဲမှာ ဖရန့် စကားပြောနေစဉ်မှာ သူ့အသင်းမှာ ပိုးကူးစက်ခံရမှု ၉ မှုရှိတယ်လို့ ထုတ်ပြောခဲ့တယ်။ ဒါပေမယ့် မီဒီယာတွေ့ဆုံမှု လုပ်နေစဉ်မှာပဲ ကလပ်တွင်းမှာ ပိုးကူးစက်မှု နောက်ထပ် ၄ ခု ထပ်တိုးသွားကြောင်း အကြောင်းကြားလာခဲ့တာကြောင့် ဘရန့်ဖိုဒ့်မှာ ကိုဗစ်ကူးစက်ခံရသူ ၁၃ ခုထိ ရှိနေပါပြီ။

ဒါကြောင့်ပဲ သောမက်စ်ဖရန့်က ဘရိုက်တန်မန်နေဂျာ ပေါ်တာ၊ လက်စတာမန်နေဂျာ ရော်ဂျာတို့ တောင်းဆိုခဲ့သလိုပဲ ပရီးမီးယားလိဂ်ကို ရပ်တန့်ဖို့ လိဂ်တာဝန်ရှိသူတွေကို တိုက်တွန်းခဲ့ပြီဖြစ်ပါတယ်။

ဖရန့်က ‘ ဒီပိတ်ရက် ပရီးမီးယားလိဂ်ပွဲစဉ်တွေ အားလုံးကို ရွှေ့ဆိုင်းသင့်ပါတယ်။ ကိုဗစ်ကူးစက်မှုတွေက ပရီးမီးယားလိဂ်ကလပ် အားလုံးကို ကျော်ဖြတ် ဝင်ရောက်လာနေပါပြီ။ အသင်းတိုင်းက ဒီပြဿနာကို ရင်ဆိုင်ဖြေရှင်းနေရပြီဖြစ်ပါတယ်။

ဒီပိတ်ရက်ပွဲနဲ့ ကာရာဘောင်း နောက်တစ်ဆင့်က အသင်းတိုင်းကို တစ်ပတ်လောက် နားချိန် ရစေပါလိမ့်မယ်။ မဟုတ်ရင်လည်း အားလုံးကို ရှင်းလင်းဖို့ လေးရက်ကနေ ငါးရက် အချိန်ရစေမှာပါ။ လေ့ကျင့်ရေးတွေမှာ ရှင်းလင်းစရာရှိတာတွေ အားလုံးကို ရှင်းလင်းပြီး ကွင်းဆက်တွေကို ဖြတ်တောက်ရမှာပါ။

ဘောလုံးမှာက အနီးကပ် ထိတွေ့မှုတွေ ရှိပါတယ်။ အရိုးအကြော ကုသရေးသမားတွေကလည်း ကစားသမားတွေကို ထိတွေ့ကုသပေးရတာတွေရှိတယ်။ အဝတ်လဲခန်းထဲမှာ ပွဲနေ့ပလန်တွေ ဆွေးနွေးရတာရှိတယ်။ အဝေးကွင်းပွဲတွေမှာ နည်းပြတွေနဲ့အတူ ခရီးသွားရတာကလည်း ခက်ခဲပါတယ်။

ကျနေ်ာတို့ ကစားရမယ့်ပွဲတွေကို အပြည့်အဝ လေးစားမှုရှိပါတယ်။ ဘောလုံးပွဲတွေ ဆက်ကစားနိုင်ဖို့ဆိုတာကလည်း အရေးကြီးတယ်။ ဒီပိတ်ရက်ကို ရပ်နားလိုက်မယ်ဆိုရင် Boxing Day မှာ ဆက်ကစားနိုင်မယ်ဆိုတာ ရာနှုန်းပြည့် သေချာပါတယ်။

အိုမီခရွန်က တကမ္ဘာလုံးကို ပျံ့နှံ့လာနေပါပြီ။ တတ်နိုင်သလောက် ကာကွယ်ဖို့နဲ့ ရှောင်ရှားနိုင်အောင် လုပ်ဆောင်ဖို့ လိုပါတယ်။ လေ့ကျင့်ရေးကို သုံး လေး ငါးရက်လောက် ပိတ်တာက အကူအညီဖြစ်ပါလိမ့်မယ်။ ပြီးမှ ဆက်ပြီး ယှဉ်ပြိုင်လို့ ရပါတယ် ‘ လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။