အာဆင်နယ်မှာ အခက်အခဲ ရင်ဆိုင်နေရတဲ့ အူဘာမီယန်းအတွက် စကားပြောပေးတဲ့ တူချယ်

အူဘာမီယန်းကို အသင်းခေါင်းဆောင်ရာထူးကနေ ဖြုတ်ချခဲ့တဲ့ အာဆင်နယ်ရဲ့ ဆုံးဖြတ်ချက်မှာ သူဘာကိုမှ ဝင်ရောက်မှတ်ချက်ပေးမှာ မဟုတ်ပေမယ့်လို့ ဂါဘွန်တိုက်စစ်မှူးကို အားပေးထောက်ခံနေဆဲပါလို့ ချယ်ဆီးနည်းပြ သောမတ်စ် တူချယ်က ထုတ်ပြောလာခဲ့ပါတယ်။

ဂါဘွန် လက်ရွေးစင်ဟာ သူ့အမေကို သွားကြည့်ဖို့ ပြင်သစ်ထံ ခရီးထွက်ခွင့်ရခဲ့ပေမယ့် အင်္ဂလန်ထံ ပြန်လာဖို့ နောက်ကျခဲ့သလို အသင်းစည်းကမ်း ချိုးဖောက်မှုကြောင့် အင်္ဂါနေ့မှာ အသင်းခေါင်းဆောင် ရာထူးကနေ ဖယ်ရှားခံခဲ့ရတာပါ။

အရင်ကတည်းက ပွဲစဉ်တွေကို နောက်ကျလေ့ရှိတဲ့ အူဘာမီယန်ဟာ ကိုဗစ် စည်းကမ်းတွေ ချိုးဖောက်ခဲ့တဲ့နောက် ကလပ်ရဲ့ လေ့ကျင့်ရေး အစီအစဉ်ကို လွဲချော်ခဲ့ရတာဖြစ်ပါတယ်။ ၎င်းဟာ ကစားသမားတစ်ယောက်မှာ ထားရှိရမယ့် စည်းကမ်းသတ်မှတ်ချက်တွေနဲ့ စံချိန်စံညွှန်းတွေကို မလိုက်နာခဲ့ဘူးလို့ အာဆင်နယ်က ဆိုပါတယ်။

အူဘာမီယန်ဟာ ဒေါ့မွန်မှာ ကောင်းကောင်း အုပ်ချုပ်ခံခဲ့ရတယ်ဆိုတာကို တူချယ်က သိရှိထားပြီး သူ့ရဲ့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အချိန်မတိကျမှုတွေကို အမြဲတမ်း လိုက်လျောပေးခဲ့ရသလို အခု အာဆင်နယ်မှာ မဆင်မခြင် လုပ်ရပ်တွေ ထွက်ပေါ်လာအပြီး တိုက်စစ်ကစားသမားအပေါ် အားပေးခဲ့တာ ဖြစ်ပါတယ်။

သူ့အသင်းသားဟောင်းကို စကားပြောမှာလားလို့ မေးမြန်းခဲ့ရာ “ စကားပြောဖြစ်မှာပါ။ တချိန်ချိန်မှာပေါ့။ ဒါပေမယ့် သိတဲ့အတိုင်းပဲ။ ကျွန်တော် သူ့ကိုလည်း မနှောင့်ယှက်ချင်ဘူး။ သူက ကျွန်တော့်အတွက် သိပ်ကို အရေးပါတဲ့ ကစားသမား ဖြစ်ခဲ့ပါတယ်။

ကျွန်တော်တို့ဟာ ဒီနေ့ထိ သိပ်ကို ရင်းနှီးတဲ့ ဆက်ဆံရေး ရှိခဲ့တာပါ။ ကျွန်တော်တို့ ဆုံတဲ့အခါတိုင်း အမြဲတမ်း ကောင်းကောင်းမွန်မွန် ပြောဆိုဆက်ဆံသွားမှာပါ။ ကစားသမားတစ်ယောက် အနေနဲ့ရော လူတစ်ယောက် အနေနဲ့ပါ အူဘာနဲ့ ပတ်သက်ပြီး အကောင်းဆုံးအရာတွေပဲ ကျွန်တော် ပြောနိုင်ပါတယ်။

အခု သူ အကျပ်အတည်းထဲ ရောက်နေရတဲ့အတွက် ကျွန်တော် စိတ်မကောင်းပါဘူး။ သူ့လို အရည်အချင်းမျိုး၊ အကျင့်ကောင်းမျိုးရှိတဲ့သူက ဒီလို မဖြစ်သင့်ပါဘူး။ သူ့အပေါ်မှာ ကျွန်တော် ယုံကြည်နေတုန်းပါ။ ဒါပေမယ့် ကျွန်တော်နဲ့ မဆိုင်ပါဘူး။ အခု သူ့ကလပ်မှာ ဖြစ်နေတာတွေက ကျွန်တော် ဝင်ပါဖို့မလိုဘူးလေ။

အာဆင်နယ်အပေါ် ကျွန်တော့်ရဲ့ လေးစားမှုကို ပြသချင်ပါတယ်။ သူတို့ကိစ္စတွေ မှားမှားမှန်မှန် ကျွန်တော်နဲ့ မဆိုင်ပါဘူး။ အူဘာနဲ့ ကျွန်တော့်ရဲ့ ရင်းနှီးမှုက ဒီပြဿနာနဲ့ မပတ်သက်ပါဘူး”လို့ တူချယ်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အူဘာမီယန်းဟာ အာဆင်နယ် အသင်းခေါင်းဆောင် လက်ပတ်ကို ဆုံးရှုံးခဲ့ရသလို ဝက်ဟမ်းနဲ့ပွဲ ပွဲထွက်လူစာရင်းမှာလည်း ချန်လှပ်ခံခဲ့ရတယ်။ အာတီတာကတော့ သူ့ တိုက်စစ်မှူးကို ဘယ်တော့မှ ပြန်ကစားစေမှာလဲဆိုတာ တိတိကျကျ အာမခံခဲ့ခြင်း မရှိတာ ဖြစ်ပါတယ်။