ပရီးမီးယားလိဂ်ကို ရပ်နားထားဖို့ စဉ်းစားကြရအောင်လို့ သတိပေးလိုက်တဲ့ ဘရိုက်တန် မန်နေဂျာ

ဘရိုက်တန်မန်နေဂျာ ဂရေဟမ် ပေါ်တာက အချို့ပွဲတွေမှာ ကိုဗစ်ကူးစက်မှုတွေကြောင့် ရွှေ့ဆိုင်းနေပေမယ့် ပရီးမီးယားလိဂ်ကို ဒီအတိုင်း ဆက်ကစားဖို့က မဖြစ်နိုင်တော့ဘူးလို့ ဝေဖန်လိုက်ပါတယ်။

ဘရိုက်တန်အသင်းမှာ ကိုဗစ် ကူးစက်မှု ၃ ခုကနေ ၄ ခုထိ ရှိနေတာကြောင့် ဒီအပတ် ဝုဗ်နဲ့ပွဲကို ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုပေမယ့် ပရီးမီးယားလိဂ်က ပယ်ချခဲ့တယ်။ ဒါပေမယ့်လို့ ဘရိုက်တန်နဲ့ ယူနိုက်တက်ပွဲကို ရွှေ့ဆိုင်းထားသလို ဘန်လေပွဲကလည်း ကစားဖို့ နှစ်နာရီခွဲ အလိုမှာပဲ ပယ်ဖျက်ခဲ့တာဖြစ်ပါတယ်။

သူတို့အသင်းရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ပေါ်တာက ‘ ကျနော်တို့ရဲ့ အခြေအနေကြောင့် မေးခွန်းတွေ မေးနေရတာပါ။ ကျနေ်ာတို့မှာ စိတ်ပျက်နေဖို့ အချိန်မရှိဘဲ ပွဲတွေအတွက် ပြင်ဆင်နေရတယ်၊ အသင်းအတွက် ပြင်ဆင်နေရပါတယ်။’ လို့ ငြီးတွားခဲ့တယ်။

ပွဲတွေကို ရပ်နားဖို့နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်တွေကလည်း တသမတ်တည်း မဟုတ်ဘဲ ဖြစ်လာနေတယ်။ လက်ရှိမှာ ပရီးမီးယားလိဂ်ကလပ်တွေက ဘယ်အသင်းမှာ ကစားသမား ဘယ်နှစ်ယောက်နဲ့ ဘယ်သူတွေက ကိုဗစ်ဖြစ်နေလဲဆိုတာကိုလည်း မသိနိုင်ဘူး ဖြစ်နေပါတယ်။

ဒါနဲ့ ပတ်သက်လို့လည်း ပေါ်တာက ‘ လူတိုင်းက အကောင်းဆုံး ရည်ရွယ်ချက်တွေဖြင့် ကိစ္စတွေကို လုပ်ဆောင်နေတယ်လို့ ယူဆရတာပါပဲ။ အဲ့အတွက်လည်း စိတ်ပျက်မိပါတယ်။

အခြေအနေတွေနဲ့ ပတ်သက်ပြီး ပိုပြီး ပွင့်လင်းမယ်ဆိုရင် ပိုကောင်းမှာပါ။ ဒါပေမယ့် တစ်ချိန်တည်းမှာ ဆေးဘက်ဆိုင်ရာ အချက်အလက်တွေအကြောင်း ပြောနေရတာဆိုတော့ ဘယ်လောက်ထိ ပွင့်လင်းကြမလဲဆိုတာ မသိနိုင်ပါဘူး။

ကျနေ်ာတို့ သွားနေတဲ့ ဒီခရီးလမ်းကို ဘယ်လောက်ကြာကြာ ဆက်သွားနိုင်မလဲဆိုတာ မသေချာပါဘူး။ ကျနေ်ာတို့အားလုံး ဘောလုံးကို ဆက်ကစားလိုပါတယ်။ ဖြစ်နိုင်သဘောက် ဘဝတွေကိုလည်း အကောင်းဆုံးဖြစ်ချင်တယ်။ အရေးကြီးဆုံးက ကျန်းမာရေးဆိုတာ ရှင်းပါတယ်။

ကျနေ်ာတို့ အသင်းမှာလည်း ကိုဗစ်ကိစ္စတွေ ဖြစ်လာခဲ့တယ်။ ဒီအပတ် အသင်းကို လျှင်လျှင်မြန်မြန် ထိခိုက်လာတဲ့ ကိစ္စတွေအတွက် ကျနေ်ာတို့ စိတ်ပျက်ရပါတယ်။ အခြေအနေတွေ ဒီအတိုင်း ဆက်ဖြစ်နေမယ်ဆိုရင် ကျနေ်ာတို့ လိဂ်ကို ရပ်နားဖို့ကို အလေးအနက် စဉ်းစားပါလိမ့်မယ် ‘ လို့ ဆိုခဲ့တာဖြစ်တယ်။

လက်တလော ပရီးမီးယားလိဂ်မှာ လက်စတာကလည်း ကိုဗစ်ကူးစက်မှုတွေ ရှိနေပြီး ယူနိုက်တက်နဲ့ စပါးတို့ရဲ့ လေ့ကျင့်ရေးတွေကတော့ ပြန်ဖွင့်လာခဲ့ပြီဖြစ်ပါတယ်။ မကြာခင် ခရစ္စမတ်ကာလကို ကျော်ဖြတ်ရမှာဖြစ်လို့ ပရီးမီးယားလိဂ်ကလပ်တွေဟာ လိဂ်ကို ရပ်တန့်ထားရမယ့် အခြေအနေအတွက် စိုးရိမ်မှုတွေလည်း ရှိလာနေပြီလို့ အသံထွက်လာနေတာပဲ ဖြစ်ပါတယ်။