လက်စတာအသင်းသား ၁၁ ဦးထိ မကစားနိုင်ပေမယ့် ပွဲရွှေ့ဆိုင်းမပေးဘူးလို့ ဖွင့်ဟလာတဲ့ နည်းပြရော်ဂျာ

လက်စတာမန်နေဂျာ ဘရန်ဒန်ရော်ဂျာက ကစားသမားတွေရဲ့ ကျန်းမာရေးထက် ရုပ်သံမှာ ပွဲတွေ ထုတ်လွှင့်နိုင်ဖို့ ရုပ်သံဌာနတွေကပေးတဲ့ ဖိအားတွေကိုပဲ ပရီးမီးယားလိဂ်က ဂရုစိုက်နေမှုကို စိတ်ပျက်နေပါတယ်။

လက်စတာနဲ့ စပါးအသင်းတို့ဟာ ကြားရက်မှာ ယှဉ်ပြိုင်ရမယ့် အမှတ်ပေးပွဲကို ရွှေ့ဆိုင်းလိုနေတာပါ။ ဒါပေမယ့်လို့ သူတို့ရဲ့ တောင်းဆိုမှုကို လိဂ်တာဝန်ရှိသူတွေက ငြင်းဆန်ဖို့ပဲ ပြင်ဆင်ထားခဲ့တာဖြစ်ပါတယ်။ ဒီအပတ်မှာ ဘရန်ဖိုဒ့်နဲ့ ယူနိုက်တက်ပွဲ တစ်ပွဲတည်းကိုပဲ ရက်ရွှေ့ဆိုင်းဖို့ ခွင့်ပြုထားတာ ဖြစ်ပါတယ်။

သို့ပေမယ့်လို့ ဗုဒ္ဓဟူးနေ့မှာပဲ ဘန်လေနဲ့ ဝတ်ဖိုဒ့်ပွဲကို ပွဲကျင်းပဖို့ နှစ်နာရီခွဲ အလိုမှာမှ ပွဲကို ရွှေ့ဆိုင်းသွားခဲ့ပါသေးတယ်။ ဘရန်ဒန်ရော်ဂျာကတော့ ကလပ်တွေရဲ့ အင်အားကြီးမှုအပေါ် မူတည်ပြီး အရေးပေးခံရမှု ကွာခြားနေတယ်လို့ စွပ်စွဲထားတယ်။

ထပ်ပြီးလည်း သူက မှတ်ချက်ပေးရာမှာ ‘ ရုပ်သံတွေရဲ့ လွှမ်းမိုးမှုတွေ ပါနေတယ်လို့ ထင်ပါတယ်။ ကစားသမားတွေ၊ နည်းပြတွေနဲ့ မန်နေဂျာတွေက ဘောလုံးပွဲတွေကို ကစားလိုပါတယ်။ ဒါပေမယ့် ကစားသမားတွေရဲ့ ကျန်းမာရေးကပဲ ဦးစားပေးဖြစ်ပါတယ်။ ကစားသမားတွေ ကစားနိုင်မှ ပွဲတွေက ပိုကောင်းမှာပါ ‘ လို့ ဖြစ်ပါတယ်။

The Athletic က ဖော်ပြမှုအရ လက်စတာအသင်းမှာ စီနီယာကစားသမား ၁၁ ဦးဟာ စပါးနဲပွဲမှာ ပါဝင်ကစားနိုင်မယ့် အခြေအနေ ရှိမနေပါဘူး။ ဒါပေမယ့်လို့ ကစားသမား အားလုံးက ကိုဗစ်ဖြစ်နေတာ မဟုတ်ဘဲ ဒဏ်ရာနဲ့ ဖျားနာမှုတွေလည်း ပါဝင်နေတာပါ။

ဂျက်စတင်၊ ဖိုဖာနာ၊ ဆိုရန်ချူ၊ အီဗန်နဲ့ အမာတေတို့ဟာ ဒဏ်ရာကြောင့် မကစားနိုင်တာဖြစ်ပြီး ကိုဗစ်နဲ့ ဖျားနာစာရင်းမှာတော့ အီရန်နာချို၊ ပီရက်ဇ်၊ ဗာစတာဂတ်၊ ဘန်ကိုဗစ်၊ လုခ်မန်း၊ ချောင်ဒရီနဲ့ ဒေလေကမ်းဘဲလ်တို့ ပါဝင်နေတာဖြစ်တယ်။

ပရီးမီးယားလိဂ်ကတော့ ကိစ္စတစ်ခုချင်းအပေါ် မူတည်ပြီး တောင်းဆိုမှုတွေကို သုံးသပ်ဆုံးဖြတ်ပေးဖို့ ရည်ရွယ်ထားတာဖြစ်တယ်။ ယူ-၂၃ ကစားသမားတွေက ပွဲနေ့လူစာရင်းမှ ပါဝင်နိုင်တာမျိုး ရှိပေမယ့် ပထမအသင်းလူစာရင်းကပဲ အဓိကအဖြစ် သတ်မှတ်ထားပါတယ်။

လက်စတာအသင်းမှာက စပါးနဲ့ပွဲအတွက် ကစားသမား ၁၁ ဦးထိ မပါနိုင်ဘူးဆိုပေမယ့် ကိုဗစ်ကူးစက်မှုတင် မဟုတ်ဘဲ အခြားသော ဒဏ်ရာကိစ္စတွေလည်း ပါဝင်နေတာမို့ လက်မခံခြင်းလို့ ယူဆစရာလည်း ရှိနေပါတယ်။