ထိပ်ဆုံး ၄ သင်းထဲ ဝင်ရောက်လာပြီးနောက် ပစ်မှတ်သစ်ကို ချိန်ရွယ်လာတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ ဝက်ဟမ်းကို ၂-၀ ဖြင့် အနိုင်ရခဲ့တာကြောင့် ဒီရာသီမှာ ပထမဆုံးအကြိမ်အဖြစ် ထိပ်ဆုံး ၄ သင်းထဲ ဝင်ရောက်လာခဲ့ပြီဖြစ်ပါတယ်။

အခုလို ထိပ်ဆုံး ၄ သင်းထဲကို ပြန်လည် ဝင်ရောက်လာတာကို ကျေနပ်ပေမယ့်လို့ ဘောလုံးရာသီက အဝေးကြီး ရှိနေသေးကြောင်း အာတီတာက သတိပေးခဲ့တယ်။ အာဆင်နယ်ဟာ ခြေစွမ်းတည်ငြိမ်မှုနဲ့အတူ ရလဒ်ကောင်းတွေ ဆက်ယူဖို့ လိုမယ်လို့လည်း သူက မြင်ပါတယ်။

” ထိပ်ဆုံးလေးသင်းအတွက်က ပြောလို့ မရသေးပါဘူး။ ဘောလုံးရာသီက မေလမှ အဆုံးသတ်မှာပါ။ ဒါပေမယ့် ကျနေ်ာတို့ ဒီအဆင့်ကို ရောက်လာတာက ပိုကောင်းပါတယ်၊ ကျနေ်ာတို့ ပိုမြင့်မြင့်ကို ရောက်ချင်တယ်။ ဒီလိဂ်အကြောင်း ကျနေ်ာတို့ ကောင်းကောင်းသိပါတယ်။ ခြေစွမ်း တည်ငြိမ်ဖို့အတွက် ရှာဖွေနိုင်ဖို့ လိုပါတယ်။

ပရီးမီးယားလိဂ်က သိပ်ကို အညှာအတာကင်းပါတယ်။ ဒီနေ့နဲ့ မနက်ဖြန်က သိပ်ကို ကွာခြားလွန်းတယ်။ ဒီတော့ လာမယ့်ပွဲအတွက် ပြင်ဆင်သွားမှာပါ ” လို့ အာတီတာက ဆိုခဲ့တယ်။

ဒီရာသီမှာ အာဆင်နယ်ဟာ ခြေစွမ်းတည်ငြိမ်မှုပိုင်း ရုန်းကန်နေပြီး အထူးသဖြင့် ယူနိုက်တက်၊ အဲဗာတန်တို့ကို အဝေးကွင်း သွားရောက် ရင်ဆိုင်ရာမှာ ရလဒ်ကောင်းတွေ ယူလာနိုင်ခြင်း မရှိပါဘူး။ စွမ်းဆောင်ရည်ကောင်းခြင်းနဲ့ ရလဒ်ကောင်း ရယူနိုင်ခြင်းကို ဒွန်တွဲပြီး လုပ်နိုင်ဖို့က အာဆင်နယ်ရဲ့ နောက်ထပ် ပစ်မှတ်လည်း ဖြစ်လာနေပါတယ်။

ပရီးမီးယားလိဂ်မှာ အခိုက်အတန့်ကောင်း ရယူဖို့နဲ့ ပတ်သက်လို့ ဂန်းနားနည်းပြက ” ပရီးမီးယားလိဂ်မှာက တစ်ပွဲချင်းပဲ ရလဒ်တွေ ရယူရမှာပါ။ ကျနေ်ာတို့ တည်ငြိမ်တဲ့ စွမ်းဆောင်ရည် ပြသနေတယ် ထင်ပါတယ်။

အရင်နှစ်တွေထက်စာရင်း မန်ချက်စတာယူနိုက်တက် အိမ်ကွင်း အိုးထရတ်ဖိုဒ့်မှာ ပိုကောင်းကောင်း ကစားခဲ့ပေမယ့်လည်း ပွဲကို အရေးနိမ့်ခဲ့တယ်။ အဲဗာတန်ကွင်းထံ သွားပြီးလည်း အရေးနိမ့်ခဲ့တယ်။ အဲ့လို အဝေးကွင်းတွေကို သွားကစားချိန်မှာ စွမ်းဆောင်ရည်နဲ့အတူ ရမှတ်ပါ ရဖို့လိုပါတယ်။ ဒါကတော့ နောက်ထပ် စိန်ခေါ်မှုပါပဲ ” လို့ ရှင်းပြခဲ့တာဖြစ်ပါတယ်။