မန်စီးတီး ကောင်းလွန်းလို့ ဒီလောက် ဂိုးပြတ်သွားတာ မဟုတ်ဘူးလို့ ရှင်းပြတဲ့ ဘီရယ်ဆာ

ဒီရာသီမှာ ဂိုးအပြတ်ဆုံး ရှုံးပွဲအဖြစ်ကော ကလပ်သမိုင်းမှာ အဆိုးရွားဆုံး ရှုံးပွဲအဖြစ်ပါ မန်စီးတီးကို ၇-၀ ဖြင့် အရေးနိမ့်ခဲ့ရာမှာ ကောင်းကွက် တစ်ခုမှ မရှိပါဘူးလို့ လိဒ်ယူနိုက်တက် နည်းပြ ဘီရယ်ဆာက စိတ်ပျက်စွာ ပြောဆိုခဲ့ပါတယ်။

ပရီးမီးယားလိဂ် ချန်ပီယံ ကာကွယ်သူတွေဟာ ပွဲမစပိုင်းမှာတင် လိဒ်ဘက်ကို လွှမ်းမိုးကစားခဲ့ပြီး ဂိုးတွေ သွင်းယူခဲ့တာပါ။ သွင်းဂိုးတွေဟာ မရပ်တန့်နိုင်ဖြစ်ခဲ့ပြီး ၇-၀ ရလဒ်ထိ ရောက်ခဲ့ကာ ဒီရာသီ ချယ်ဆီးက နောဝစ်ချ်ကို ၇-၀ ဖြင့် အနိုင်ရတဲ့ပွဲနောက်ပိုင်း ဂိုးအပြတ်ဆုံး ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။

တန်းဆင်းဇုန်နဲ့ ၅ မှတ်ပဲ ကွာဟတော့တဲ့နောက် ဒီရှုံးပွဲအတွက် ဘာဆင်ခြေမှ ပေးနေဖို့ မလိုဘူးလို့ လိဒ်နည်းပြက ယုံကြည်နေပါတယ်။

‘ ကျနေ်ာတို့ရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး အကောင်းမြင်စရာ ဘာတစ်ခုမှကို မရှိပါဘူး။ တန်ဖိုးရှိတဲ့ ဘာတစ်ခုမှကိုလည်း မမြင်ခဲ့မိဘူး။ ရလဒ်အနေနဲ့တော့ ဒီလို ကောင်းကောင်း မကစားနိုင်ချိန်မှာ ဘာတစ်ခုမှ မျှော်လင့်လို့ မရတာက ထုံးစံပါပဲ။ တစ်ဦးချင်းတွေ ကျရံှုးတာတင် မဟုတ်ဘဲ လျှင်လျှင်မြန်မြန် ကစားမှုနဲ့ စုဖွဲ့မှုမှာလည်း မကောင်းခဲ့ပါဘူး။

ဆင်ခြေပေးဖို့လည်း မရှိပါဘူး။ ဒီပွဲမှာ ဘယ်လိုဖြစ်မလဲဆိုတာကို ကျနော်တို့ အတိအကျ သိခဲ့ပါတယ်။ ဖြစ်လာနိုင်တဲ့ ကိစ္စတွေကို ရှောင်လွဲနိုင်ဖို့ ကျနေ်ာတို့ ပြင်ဆင်ခဲ့ပေမယ့်လို့ ပြင်ဆင်ထားသလို မလုပ်နိုင်ခဲ့ပါဘူး ’ လို့ ဘီရယ်ဆာက ပြောဆိုခဲ့တယ်။

၂၀၁၈ မှာ လိဒ်ယူနိုက်တက်ကို တာဝန်ယူပြီးနောက် အဆိုးရွားဆုံး ပွဲတစ်ပွဲဖြစ်ခဲ့ကြောင်းကိုလည်း အာဂျင်တီးနား နည်းပြကြီးက ထုတ်ပြောပါသေးတယ်။ သူကတော့ မန်စီးတီး ကောင်းလွန်းခဲ့တာထက် သူ့အသင်းကိုက ညံ့ဖျင်းခဲ့တာလို့ ဝေဖန် အကဲဖြတ်မှု လုပ်သွားခဲ့တာပါ။

‘ ပြဿနာတွေက အဆင့်တိုင်းမှာ ရှိနေခဲ့တာပါ။ မန်စီးတီးက ကောင်းလွန်းနေတာကြောင့် မဟုတ်ဘဲ ဖြေရှင်းမှုတိုင်းအတွက် ကျနေ်ာတို့ စွမ်းဆောင်ခဲ့တာတွေက မလုံလောက်ခဲ့တာပါ။ မန်စီးတီး ကောင်းတာထက်ကို ကျနေ်ာတို့ ကစားပုံက အရမ်းကို ဆိုးနေခဲ့တာက သိသာလွန်းခဲ့ပါတယ်။

မန်စီးတီးက တစ်ချိန်လုံး ဒီလိုပဲ ကစားနေတာပါ။ ဒါပေမယ့် အသင်းကစားခဲ့တာက အသင်းကို ကျနော် ကိုင်တွယ်တဲ့ လေးနှစ်အတွင်း အဆိုးရွားဆုံးပါပဲ ’ လို့ ဘီရယ်ဆာက မိမိအသင်းကို ကိုယ်တိုင်ပဲ ဝေဖန်သွားခဲ့တာ ဖြစ်ပါတယ်။