လာမယ့် သီတင်းပတ်တွေအတွင်း ပရီးမီးယားလိဂ်ကို မန်နေဂျာအဖြစ် ပြန်ရောက်လာနိုင်တဲ့ ဝိန်းရွန်းနီ

အဲဗာတန် အကြီးအကဲတွေဘက်က ကလပ်မန်နေဂျာ ရာဖာဘင်နီတက်စ်ကို ရာထူးကနေ ထုတ်ပယ်ခဲ့မယ်ဆိုရင် ပြန်လည်အစားထိုးဖို့အတွက် ကလပ်ရဲ့ ငယ်မွေးခြံပေါက် ကစားသမားဟောင်း ဝိန်းရွန်းနီကို ခေါ်ယူသွားဖို့ စဉ်းစားလာနေတယ်လို့ ဗြိတိန်သတင်းဌာနတွေက ဖော်ပြနေပါတယ်။

တနင်္ဂနွေနေ့က ပဲလေစ့်အသင်းကို အိမ်ကွင်းမှာ ၃-၁ ဖြင့် အရေးနိမ့်တဲ့နောက်ပိုင်း ၎င်းတို့ဟာ ဒီရာသီမှာ အမှတ်ပေးပွဲ ၈ ပွဲထိ အရေးနိမ့်ထားပြီဖြစ်ပါတယ်။ အမှတ်ပေးဇယား အဆင့် ၁၄ နေရာမှာ ရပ်တည်နေတဲ့ အဲဗာတန်ဟာ တန်းဆင်းဇုန်ကလပ်နဲ့ ၇ မှတ် ကွာဟနေသေးပေမယ့်လို့ အချိန်မ၍ အန္တရာယ်များတဲ့ အနေအထားကို ရောက်ရှိသွားနိုင်တယ်။

အဲဗာတန်ရဲ့ အဓိက ရှယ်ယာရှင် မိုရှီရီက ဘင်နီတက်စ်ကို ထောက်ခံနေဆဲဖြစ်ပေမယ့် တစ်ခုခု ချွတ်ချော်မှုဖြစ်လာခဲ့ရင်ဆိုတဲ့ အနေအထားအတွက် အစားထိုးစရာကိုလည်း ပလန်ဆွဲလာနေပါတယ်။ အဲဗာတန်နဲ့ ဒါဘီအသင်းမန်နေဂျာ ရွန်းနီကြား တရားဝင် မဟုတ်တဲ့ စကားပြောဆိုမှုတွေကိုလည်း ပြုလုပ်နေခဲ့ပါပြီ။

ရွန်းနီဟာ ဒါဘီအသင်းမှာ အတော်လေး ခက်ခဲစွာ ရုန်းကန်နေရပြီး ကလပ်အသင်းက ရမှတ် ၂၁ မှတ်ထိ အလျော့ခံထားရတာဖြစ်တယ်။ သူ့အသင်းဟာ ချန်ပီယံရှစ်ရဲ့ အောက်ဆုံးမှာ ရှိနေပေမယ့် ရွန်းနီကတော့ အသင်းအပေါ် သစ္စာရှိစွာဖြင့် ဆက်လက် တိုက်ပွဲဝင်နေပါတယ်။

သို့ပေမယ့်လည်း ငယ်မွေးခြံပေါက်ကလပ်ဖြစ်တဲ့ အဲဗာတန်က သူ့ကို ကမ်းလှမ်းခဲ့မယ်ဆိုရင် ငြင်းဆန်ဖို့ကလည်း ခက်ခဲမယ့် အနေအထားဖြစ်ပါတယ်။ ယူနိုက်တက်ကနေ ထွက်ခွာခဲ့စဉ်က ရွန်းနီဟာ အဲဗာတန်ကို ပြန်သွားခဲ့ပြီး အဲ့ကနေမှ မေဂျာလိဂ်နဲ့ ဒါဘီအသင်းတွေထံ ရောက်ရှိခဲ့တာပါ။

အဲဗာတန်ကတော့ သူတို့ရဲ့ ဆိုးရွားတဲ့ အနေအထားတွေအတွက် မကြာသေးခင်ကပဲ အားကစားဒါရိုက်တာ မိုက်ကယ် ဘရန့်ကို ရာထူးကနေ ထုတ်ပယ်ခဲ့သေးတာပါ။ ဘင်နီတက်စ်ကို အချိန်ဘယ်လောက်ပေးမယ်ဆိုတာ မသိရသေးပေမယ့်လို့ ချယ်ဆီး၊ လက်စတာ၊ ဘန်လေ၊ နယူးကာဆယ်တို့ဖြင့် ယှဉ်ပြိုင်ရမယ့် ဒီနှစ်ကုန်ပွဲတွေမှာ ရလဒ်မကောင်းခဲ့ရင် ထုတ်ပယ်လိမ့်မယ်လို့ သုံးသပ်ခံနေရတာ ဖြစ်ပါတယ်။