ဒီရာသီ ချန်ပီယံလိဂ်ဖလား အနိုင်ရနိုင်တယ်လို့ သူယူဆတဲ့ ကလပ် (၄) သင်းကို ဂျွန်တယ်ရီ ခန့်မှန်း

ချန်ပီယံလိဂ် ၁၆ သင်းအဆင့် မဲခွဲမှုအပြီးမှာ ပရီးမီးယားလိဂ် ဂန္တဝင်ကြီး ဂျွန်တယ်ရီက ဒီရာသီ ချန်ပီယံလိဂ် အောင်မြင်နိုင်တယ်လို့ သူယူဆထားတဲ့ ကလပ် လေးသင်းကို ရွေးထုတ် ပြောပြခဲ့ပါတယ်။

အငြင်းပွားဖွယ် ဒုတိယအကြိမ် ပြန်လည်မဲခွဲမှုအပြီး ပီအက်စ်ဂျီနဲ့ ရီးရဲလ်မက်ဒရစ် အတွဲကျခြင်း အပါအဝင် စိတ်လှုပ်ရှားစရာဖြစ်စေမယ့် ပွဲကြီးပွဲကောင်းတချို့ ရှိခဲတယ်။ လက်ရှိ ချန်ပီယံတွေဖြစ်တဲ့ တယ်ရီရဲ့အသင်းဟောင်းဖြစ်တဲ့ ချယ်ဆီးက ပြင်သစ်ကလပ် လိုင်လီနဲ့ တွေ့ဆုံရမှာပါ။

မဲခွဲမှုအပြီးမှာ တယ်ရီက ဖလားအောင်မြင်နိုင်ခြေရှိတဲ့ အသင်းတွေကို ခန့်မှန်းပေးခဲ့ပြီး အင်္ဂလန်သုံးသင်းနဲ့ ဂျာမန်ကလပ်တစ်ခုသာ ပါဝင်ခဲ့ပါတယ်။ “ ဒီနှစ် ချန်ပီယံလိဂ်ကို ဘယ်သူတွေ အောင်မြင်မယ်ထင်လဲ။ ကျွန်တော့်အမြင်ကတော့ ချယ်ဆီး၊ ဘိုင်ယန်မြူးနစ်၊ လီဗာပူး၊ မန်စီးတီး လို့ထင်ပါတယ်” လို့ တယ်ရီက ပြောခဲ့တာပါ။

တယ်ရီရဲ့ အသင်းဖော်ဟောင်း ဂျိုးကိုးလ်ကတော့ ချယ်ဆီးအနေနဲ့ အသင်းကြီးတွေကို ရှောင်ပြီး လိုင်လီနဲ့ ကျခဲ့တဲ့အတွက် ကျေနပ်နေမှာဖြစ်ပေမယ့် ပြင်သစ်ချန်ပီယံတွေကို အထင်မသေးသင့်ဘူးလို့ သတိပေးခဲ့ပါတယ်။

ကိုးလ်က “ ဒီမဲခွဲရလဒ်ကို ချယ်ဆီးက အရမ်း ကျေနပ်နေမှာပါ။ ဒါပေမယ့် သတိတော့ထားရမယ်။ လိုင်လီက စိတ်လှုပ်ရှားစရာကောင်းပြီး မာမာထန်ထန် ကစားတတ်တဲ့ အသင်းပါ။ ဘိုင်ယန်မြူးနစ်၊ ရီးရဲလ်မက်ဒရစ်တို့လို အသင်းကြီးတွေကို ရှောင်နိုင်ခဲ့တဲ့အတွက် ချယ်ဆီးက စိတ်သက်သာရာ ရမှာဖြစ်ပေမယ့် လိုင်လီကိုလည်း အထင်သေးလို့ မရပါဘူး ” လို့ သတိပေးခဲ့တာ ဖြစ်ပါတယ်။

ဒီရာသီ ချန်ပီယံလိဂ်ဖလားကို အနိုင်ရဖို့ အင်္ဂလန်ကလပ်တွေဟာ ရေပန်းစားနေတာဖြစ်ပြီး ရှုံးထွက်မှာ ပီအက်စ်ဂျီနဲ့ ရီးရဲလ်မက်ဒရစ်တို့ ထိပ်တိုက်တွေ့နေတာကြောင့် ကွာတားအဆင့်မှာ အဓိက ပြိုင်ဘက်ကြီး တစ်သင်းကို ရှောင်လွဲနိုင်ဖို့ သေချာနေခဲ့ပြီဖြစ်ပါတယ်။