ကိုဗစ် အရှိန်အဟုန်ဖြင့် မြင့်တက်လာခြင်းကြောင့် ပရီးမီးယားလိဂ် ရပ်နားရမှာကို ကလပ်တွေ စိုးရိမ်

ပရီးမီးယားလိဂ်ကလပ်တွေဟာ အိုမီခရွန် ကိုဗစ်ပိုး ပျံ့နှံ့မှုတွေကြောင့်နဲ့ ကစားသမားတွေကို ကာကွယ်ဆေးထိုးရာမှာ နှောင့်နှေးမှုတွေကြောင့် လိဂ်ပြိုင်ပွဲ ရပ်နားရမယ့် အခြေအနေအတွက် စိုးရိမ်လာနေတယ်လို့ ဒေးလီးမေလ်းက ဖော်ပြပါတယ်။

တနင်္လာနေ့ စစ်ဆေးမှုမှာတော့ ပရီးမီးယားလိဂ်က ပိုးတွေ့မှု ၄၂ ခုရှိတယ်လို့ ကြေညာခဲ့တယ်။ ဒါဟာ သီတင်းပတ် တစ်ခုအတွင်း အမြင့်ဆုံး ပိုးတွေ့မှုဖြစ်ပြီး ကလပ်အသင်း ၅ သင်းမှာ ကိုဗစ်ပိုး တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဒီလို ပိုးတွေ့မှုကြောင့်ပဲ ယူနိုက်တက်နဲ့ ဘရန့်ဖိုဒ့်ပွဲကိုလည်း ရွှေ့ဆိုင်းခဲ့ရပြီဖြစ်တယ်။

ကာကွယ်ဆေးထိုးမှု ပရိုဂရမ်တွေ နှေးကေါးခြင်းနဲ့အတူ ပရီးမီးယားလိဂ်ကလပ်တွေထဲမှာ ဝုဗ်တစ်သင်းကပဲ စံချိန်စံညွှန်းနဲ့အညီ ကိုဗစ် ကာကွယ်မှုဆေးအတွက် လုပ်ဆောင်ထားနိုင်ပြီး လိဒ်နဲ့ ဘရန့်ဖိုဒ့်တို့ကလည်း အတော်လေး အရှိန်ကောင်းနေပါတယ်။

ကလပ်များစွာဟာ ကာကွယ်ဆေးတွေကို စောင့်ဆိုင်းနေရပြီး ဒုတိယအကြိမ် ဆေးထိုးဖို့နဲ့ တတိယအကြိမ် ဆေးထိုးဖို့ကို ၃ လဝန်းကျင် ကြာမြင့်နိုင်ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ ကာကွယ်ဆေးထိုးမှု အချက်အလက်ကလည်း လျှို့ဝှက်ကိစ္စတစ်ခု ဖြစ်နေတာပါ။

ယူနိုက်တက်၊ စပါး၊ အက်စတွန်ဗီလာနဲ့ ချန်ပီယံရှစ်ကလပ် ကျူပီအာတို့ဟာ အိုမီခရွန်နဲ့ ထိတွေ့မတွေ ရှိလာတဲ့ ကလပ်တွေဖြစ်တယ်။ ကလပ်တွေဟာ ကျန်းမာရေးဌာနရဲ့ လမ်းညွှန်မှုတွေကို လိုက်နာမယ်လို့တော့ ပွဲကြိုတွေမှာ ထုတ်ပြောလာကြပါတယ်။

၂၀၂၂-၂၀၂၃ ဘောလုံးရာသီရဲ့ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလတွေအတွင်း ကာတာမှာ ကမ္ဘာဖလားပြိုင်ပွဲ ကျင်းပဖို့ ပြင်ဆင်ထားပြီး ဖြစ်တာကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲ ရပ်တန့်ရမယ်ဆိုရင် ပွဲစဉ်ကိစ္စတွေဟာ အတော်လေး ပြဿနာကြီးလာမယ်ဆိုတာကို အင်္ဂလန်အဆင့်မြင့်တန်းကလပ်တွေ နားလည်ထားတယ်လို့ သိရတာဖြစ်ပါတယ်။