BREAKING: ယူနိုက်တက်နဲ့ အေတီကိုအတွက် မမျှတခြင်းကြောင့် ချန်ပီယံလိဂ်မဲခွဲမှု ပြန်လုပ်ရဖွယ်ရှိ

၂၀၂၁-၂၀၂၂ ဘောလုံးရာသီ ချန်ပီယံလိဂ် မဲခွဲမှုမှာ အမှားကြီးတွေ ရှိခဲ့ခြင်းကြောင့် မဲခွဲမှုကို နောက်တစ်ကြိမ် ပြန်လုပ်ရမယ့် အခြေအနေမျိုး ရှိလာနေပြီဖြစ်ပါတယ်။

နည်းစနစ်ပိုင်း အမှားအယွင်း တချို့ကြောင့် အသင်း နာမည်ရေးထားတဲ့ ဘောလုံးတွေဟာ မရှိရမယ့် မဲအိုးတွေထဲ ပါတာတွေ မပါတာတွေနဲ့ ရှုပ်ထွေးခဲ့တာဖြစ်ပါတယ်။

ဗီလာရီးရဲလ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ဟာ အုပ်စု အတွင်း အတူ ကျခဲ့တဲ့ အသင်းတွေ ဖြစ်တာကြောင့် အုပ်စု F မှာ ယူနိုက်တက် ပထမ၊ ဗီလာရီးရဲလ်က ဒုတိယ အနေနဲ့ တက်သွားခဲ့တာပါ။ ချန်ပီယံလိဂ် စည်းမျဉ်းတွေ အရ အုပ်စု တူ အသင်းတွေဟာ ၁၆ သင်း ရံှုံးထွက် အဆင့်မှာ ထိပ်တိုက်တွေ့ကြမှာ မဟုတ်ပါဘူး။

ဒါပေမယ့် ဒီည မဲခွဲမှုမှာ ဗီလာရီးရဲလ်ရဲ့ အတွဲအဖြစ် မဲနိုက်ရာမှာ မန်ချက်စတာ ယူနိုက်တက်က အတွဲကျခဲ့ပြီး ယူအီးအက်ဖ်အေတာဝန်ရှိသူတွေက အနည်းငယ် စိတ်ရှုပ်ထွေးသွားတဲ့ အမူအရာဖြင့် မဲပြန်နိုက်စေခဲ့ရာမှာ မန်စီးတီးနဲ့ အတွဲကျခဲ့တာဖြစ်ပါတယ်။

နောက်ထပ်တစ်ကြိမ် အမှားကတော့ အေတီကိုရဲ့ ပြိုင်ဘက်အတွက် မဲနိုက်ပေးရာမှာ ယူနိုက်တက်ဘောလုံး ပါဝင်သွားခြင်း မရှိပါဘူး။ အဲ့အစား အုပ်စုတွင်းပြိုင်ဘက်ဖြစ်တဲ့ လီဗာပူးအသင်းက မဲဘောလုံးတွေကြာ ပါဝင်ခဲ့တာလို့ ရုပ်သံကတစ်ဆင့် မြင်ခဲ့ရတယ်။ အဆိုပါ မဲနိုက်မှုမှာတော့ တီကိုက ဘိုင်ယန်မြူးနစ်နဲ့ အတွဲကျခဲ့ပါတယ်။

ယူနိုက်တက်အတွက် မဲနိုက်မှုမှာတော့ ပီအက်စ်ဂျီဖြင့် မဲကျခဲ့တာဖြစ်ပြီး ရော်နယ်ဒို မက်ဆီတို့ ပြန်လည် ဆုံတွေ့ဖို့ ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့်လို့ အေတီကိုနဲ့ ဘိုင်ယန် မဲကျခဲ့စဉ် ယူနိုက်တက် ဘောလုံး မပါဝင်ခဲ့ကတည်းက အတွဲရလဒ်တွေဟာ တရားမျှတမှုမရှိဘူးလို့ ရုပ်သံဌာနတွေနဲ့ သတင်းထောက်တွေက စွပ်စွဲလာခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်နဲ့ အက်သလက်တီကိုကလည်း ယူအီးအက်ဖ်အေ မဲခွဲမှုကို သဘောမကျခြင်းကြောင့် လက်တလော ကလပ်တွေနဲ့ တာဝန်ရှိသူတွေ စကားပြောနေပြီး မဲပြန်ခွဲမယ့် အလားအလာ ရှိနေတာဖြစ်ပါတယ်။ အက်သလက်တီကိုကတော့ မဲခွဲမှု ပြန်လုပ်ပေးဖို့ကို စကားပြော တောင်းဆိုနေတယ်လို့ သိရပါတယ်။