မက်ဆီနဲ့ ရော်နယ်ဒိုတို့ ထိပ်တိုက်တွေ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် မဲခွဲမှု ရလဒ်များ

၂၀၂၁-၂၀၂၂ ဘောလုံးရာသီ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ဖြစ်တဲ့ ၁၆ သင်းအဆင့် မဲခွဲမှု ရလဒ်တွေ ထွက်ပေါ်လာပြီဖြစ်ပါတယ်။

အင်္ဂလန်ကလပ်တွေထဲမှာ မန်စီးတီးနဲ့ လီဗာပူးအသင်းတို့က ထိပ်သီးအသင်းတွေဖြင့် အတွဲကျခဲ့ကြခြင်း မရှိဘဲ မန်စီးတီးက လာလီဂါကလပ် ဗီလာရီးရဲလ်၊ လီဗာပူးက သြစတြီးယားကလပ် ဆဲလ်ဘတ်အသင်းဖြင့် ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။ မဲခွဲရာမှာ ဗီလာရီးရဲလ်က ယူနိုက်တက်နဲ့ အရင်ဆုံး အတွဲကျခဲ့ပြီး အုပ်စုတွင်းမှာ အတွဲကျခဲ့တာကြောင့် ပြန်နိုက်ရာမှာ မန်စီးတီးဖြင့် ကျခဲ့ခြင်းဖြစ်ပါတယ်။

ချယ်ဆီးအသင်းကတော့ ပြင်သစ်ကလပ် လိုင်လီအသင်းဖြင့် အတွဲကျခဲ့ကာ ယူနိုက်တက်ကတော့ ပြင်သစ်ကလပ် ပီအက်စ်ဂျီဖြင့် ထိပ်တိုက်တွေ့နေပါတယ်။ ဒီနွေကမှ မန်ချက်စတာယူနိုက်တက်နဲ့ ပီအက်စ်ဂျီအသင်းတွေထံ ပြောင်းရွှေ့ခဲ့တဲ့ ရော်နယ်ဒို၊ မက်ဆီတို့ဟာ ချန်ပီယံလိဂ်မှာ ရေစက်ပြန်ဆုံကြပြီ ဖြစ်ပါတယ်။

ရော်နယ်ဒိုနဲ့ မက်ဆီတို့ဟာ ၃၆ ကြိမ် ထိပ်တိုက်တွေ့ထားကာ မက်ဆီရဲ့အသင်းက ၁၆ ကြိမ် အနိုင်ရပြီး ရော်နယ်ဒိုရဲ့အသင်းက ၁၁ ကြိမ် အနိုင်ရထားခဲ့တယ်။ ဒီပွဲတွေမှာ မက်ဆီက ၂၂ ဂိုး သွင်းယူပြီး ရော်နယ်ဒိုက ၂၁ ဂိုး သွင်းယူထားဖူးတဲ့ မှတ်တမ်းလည်း ရှိထားပါတယ်။

ပွဲကောင်းတွေအဖြစ် ခံစစ်အသားပေးကလပ် အေတီကိုက တိုက်စစ်အသားပေးကလပ် ဘိုင်ယန်မြုးနစ်ဖြင့် ထိပ်တိုက်တွေ့နေသလို ဒီရာသီ ချန်ပီယံလိဂ်မှာ တောက်ပနေတဲ့ အေဂျက်က စီးရီးအေချန်ပီယံ အင်တာမီလန်ဖြင့် ထိပ်တိုက်တွေ့ခဲ့ပါတယ်။

ရှုံးထွက်အဆင့် ပွဲစဉ်တွေအဖြစ် ပထမအကျော့တွေကို ဖေဖော်ဝါရီလထဲမှာ ယှဉ်ပြိုင်ရမှာဖြစ်ကာ ဒုတိယအကျော့ကို မတ်လမှာ ယှဉ်ပြိုင်ရပါမယ်။

၂၀၂၁-၂၀၂၂ ဘောလုံးရာသီ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ရုရှားနိုင်ငံ စိန့်ပီတာဘတ်ကွင်းမှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ ပွဲစဉ်ကို ၂၀၂၂ ခုနှစ် မေလ ၂၈ ရက်မှာ ယှဉ်ပြိုင်ရဖို့ ရက်သတ်မှတ်ထားပါတယ်။

UEFA Champions League Last 16 Draw:

  • Benfica vs. Real Madrid
  • Villarreal vs Manchester City
  • Atletico vs Bayern
  • FC Salzburg v Liverpool FC
  • Inter vs Ajax
  • Sporting CP vs Juventus
  • PSG vs Manchester United
  • Chelsea vs Lille