မန်စီးတီးရဲ့ ဆုဖလား စိန်ခေါ်မှုတွေအတွက် အရေးပါလာမယ့် တစ်ခုတည်းသော ပြဿနာ

ခက်ခဲကျပ်တည်းတဲ့ ဆောင်းရာသီကာလက ဒီတစ်ပတ်မှာ တရားဝင် ရောက်ရှိလာတော့မှာပါ။ ဒါက နည်းပြတွေ မုန်းတီးပြီး ပရိသတ်တွေ သဘောကျတဲ့ အချိန်တစ်ခုဖြစ်သလို ပွဲဆက်တွေ အရမ်းကျပ်နေတာဟာ ရမှတ် ဆုံးရှုံးဖို့ လွယ်ကူတာကြောင့် လိဂ်အမှတ်ပေးဇယား အပြောင်းအလဲတွေ ဖြစ်သွားစေနိုင်တာ ဖြစ်ပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ်ကို ဦးဆောင်ထားတဲ့ မန်စီးတီးအကြောင်း လေ့လာကြည့်မှာဖြစ်ပါတယ်။

ပက်ဂွာဒီယိုလာ အသင်းရဲ့ အဓိကနဲ့ တစ်ခုတည်းသော ပြဿနာက ဗဟိုတိုက်စစ်မှူး စစ်စစ် မရှိတာပါပဲ။ ဇယားထိပ်ဆုံးကို ဦးဆောင်ထားပေမယ့် အပတ်ပိုင်း နံပါတ် ၉ နေရာကို အပြောင်းအလဲ လုပ်နေရတာက သူတို့ရဲ့ ဂိုးသွင်းနှုန်းကို ကျဆင်းစေပါတယ်။

စီးတီးဟာ အမှတ်ပေးပွဲ ၁၆ ပွဲကစားပြီးချိန် ထိပ်ဆုံးသုံးသင်းထဲ ဂိုးရမှု အနည်းဆုံးအဖြစ် စုစုပေါင်း ၃၃ ဂိုးသာ ရရှိခဲ့ပြီး ပျမ်းမျှ တစ်ပွဲ ၂.၁ ဂိုးဟာဆိုရင် ဂွာဒီယိုလာရဲ့ ပထမဆုံးဆုံး ဘောလုံးရာသီနောက်ပိုင်း အနည်းဆုံး ပမာဏ ဖြစ်ခဲ့ပါတယ်။

ဒီရာသီ သူတို့ရဲ့ နိုင်ပွဲတွေထဲက ၅ ပွဲဟာ တစ်ဂိုးတည်းနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး နောက်ဆုံး ၃ ပွဲဖြစ်တဲ့ ဝက်စ်ဟမ်း၊ အက်စ်တွန်ဗီလာ၊ ဝုဗ်တို့ဟာ စီးတီးထံက တစ်မှတ်ပြန်မယူသွားတာ ကံကောင်းခဲ့တယ်လို့ပဲ ပြောရမှာပါ။ စီးတီးဟာ ပွဲတွေကို ပိုကောင်းတဲ့ပုံစံနဲ့ ဖြတ်ထားနိုင်ဖို့ လိုအပ်ပေမယ့် အဲ့ဒီ့ထက် ပိုစိုးရိမ်စရာကောင်းတာက စပါးကို ၁-၀ နဲ့ ရှုံးခဲ့ပွဲ၊ ဆောက်သမ်တန်နဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ပွဲ၊ ပဲလေ့စ်ကို ၂-၀ နဲ့ ရှုံးခဲ့တဲ့ပွဲတွေပါပဲ။

ဒါက သူတို့ရဲ့ လိဂ်အနေအထားကို မထိခိုက်ပေမယ့် ပွဲကျပ်ကာလရောက်ရင် စိတ်ရောလူရော ပင်ပန်းလာတဲ့အခါ ပြဿနာ ဖြစ်လာနိုင်ပါတယ်။ ပင်နယ်တီဧရိယာအတွင်း အညှာအတာ ကင်းမဲ့တဲ့ အဆုံးသတ် ဂိုးမုဆိုး မရှိတဲ့ ပြဿနာတင်မက အပေါ်က ပြောခဲ့တဲ့ ၃ ပွဲမှာ စီးတီးဟာ သိပ်ကိုနှေးကွေးနေခဲ့ပြီး ခံစစ်ပိတ်ဆို့ထားတာကို မဖြိုခွဲနိုင် ဖြစ်နေခဲ့ပါတယ်။

မန်စီးတီးရဲ့ တောင်ပံကနေ ခံစစ်တွေကို ထိုးဖောက်နိုင်စွမ်း အားပျော့နေပြီး ဒီနေရာမှာ ဂျက်ဂရီးလစ်ကလည်း ရုန်းကန်နေရပါတယ်။ ဂွာဒီယိုလာရဲ့ အသင်းအတွက်က ဆက်တိုက် ဘောလုံးလက်ခံ၊ ထိန်းသိမ်းပြီး ရိုးရိုးရှင်းရှင်း ပေးပို့မှု လုပ်တာလောက်နဲ့ မလုံလောက်ပါဘူး။ ဆက်တိုက် ဖန်တီးမှုတွေကို တောင်းဆိုလေ့ရှိတဲ့ မန်စီးတီးအတွက် ဂရီးလစ် ပိုလုပ်နိုင်ဖို့ လိုပါတယ်။

ဒါပေမယ့် မန်စီးတီးရဲ့ ခံစစ်ပိုင်းမှာ သိပ်ကို တောင့်တင်းနေပါတယ်။ အီဒါဆန်ဟာ ပရီးမီးယားလိဂ် clean sheet ကို အကြိမ် ၁၀၀ ရခဲ့ပြီဖြစ်ကာ ခံစစ်မှာ လာပေါ်တေး၊ ဂျွန်စတုန်း၊ ဒီယက်စ်၊ အကီတို့ ရှိနေကာ အစွန်လူကောင်းတွေ ပိုင်ဆိုင်ထားတယ်။ မန်စီးတီး ကွင်းလယ်ရဲ့ တောင့်တင်းမှုကလည်း ပြောစရာ မရှိပါဘူး။

တိုက်စစ် အားနည်းနေတဲ့ပုံ ပေါ်နေပေမယ့် ခြုံကြည့်မယ်ဆိုရင် မန်စီးတီးက ပရီးမီးယားလိဂ် ပြိုင်ဘက်တွေထဲမှာတော့ နှာတဖျားသာနေဆဲဖြစ်ပါတယ်။ ဇန်နဝါရီမှာ တိုက်စစ်မှူးတစ်ဦး ခေါ်ယူမလား ဒီလူစာရင်းနဲ့ပဲ ဆက်လက် ယှဉ်ပြိုင်မလားကို စောင့်ကြည့်ရပါလိမ့်မယ်။