ယူနိုက်တက်၊ အက်စတွန်ဗီလာ၊ တော်တင်ဟမ်တို့ရဲ့ ကိုဗစ် ကူးစက်ခံရမှု နောက်ဆုံးရ အခြေအနေများ

မန်ချက်စတာယူနိုက်တက်အသင်းဟာ ကစားသမားအချို့နဲ့ ဝန်ထမ်းအချို့မှာ ကိုဗစ်ပိုး တွေ့ရှိခဲ့ပေမယ့်လို့ ပမာဏ နည်းပါးခြင်းနဲ့အတူ စိုးရိမ်စရာ အခြေအနေကနေ ရှောင်လွဲနိုင်ခဲ့တယ်လို့ သိရပါတယ်။

နောဝစ်ချ်ပွဲအပြီး ယူနိုက်တက်အသင်းရဲ့ ကိုဗစ်စစ်ဆေးမှု ရလဒ်မှာတော့ ပိုးတွေ့ရှိမှုတွေ ဖြစ်ပေါ်ခဲ့တာပါ။ ပွဲမတိုင်ခင် စစ်ဆေးမှုမှာတော့ အားလုံးက negative ရလဒ်တွေ ရှိထားခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ပိုးမရှိတဲ့ ကစားသမားကို ထိတွေ့မှုမရှိတဲ့ အပြင်ဘက် လေ့ကျင့်ရေး အစီအစဉ်တွေနဲ့ တစ်ဦးချင်း လေ့ကျင့်ရေးတွေ ပြုလုပ်ဖို့ လမ်းညွှန်ထားခဲ့ရတယ်။

ပရီးမီးယားလိဂ်ဘက်ကတော့ ယူနိုက်တက်ရဲ့ အခြေအနေဟာ outbreak ဖြစ်လောက်အောင် မစိုးရိမ်ရတာကြောင့် ကြားရက် ဘရန့်ဖိုဒ့်နဲ့ပွဲကို ပုံမှန်အတိုင်း ယှဉ်ပြိုင်မယ်လို့ အကြောင်းကြားထားပါတယ်။

ကိုဗစ် ကူးစက်ခံရမှုကြောင့် ဗီလာအသင်းရဲ့ လေ့ကျင့်ရေး ဖျက်သိမ်း

အက်စတွန်ဗီလာအသင်းကလည်း သူတို့အသင်းရဲ့ လူစာရင်းမှာ ကိုဗစ်ကူးစက်ခံရမှု တစ်ခု တွေ့ရှိခဲ့တာကြောင့် ပြန်လည်အားဖြည့်မှုဆိုင်ရာ လေ့ကျင့်ရေးကို ဖျက်သိမ်းခဲ့ပါတယ်။ လီဗာပူးကို ၁-၀ နဲ့ အရေးနိမ့်ထားခဲ့တဲ့ ဗီလာအသင်းဟာ အသင်းလိုက် လေ့ကျင့်ရေးကို တနင်္လာနေ့မှာ ပြန်လည်ပြုလုပ်ဖို့ ရည်ရွယ်ထားခဲ့တယ်။

နောက်ထပ်သော စစ်ဆေးမှုတွေကို ပြုလုပ်မှာဖြစ်ပေမယ့် ဗီလာဟာ ကိုဗစ်ဆိုင်ရာ လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်းတွေကို လိုက်နာ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ၎င်းတို့ဟာ ဒီကြားရက်မှာတော့ ကလပ်မန်နေဂျာဟောင်း ဒမ်းစမစ်ရဲ့ နောဝစ်ချ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

စပါးရဲ့ ကိုဗစ်ကူးစက်မှု အခြေအနေ တည်ငြိမ်လာ

တနင်္ဂနွေနေ့တုန်းက စပါးအသင်းရဲ့ ပိုးကူးစက်ခြင်း မခံထားရတဲ့ ကစားသမားတွေဟာ လေ့ကျင့်ရေး နှစ်ချိန် ပြုလုပ်နိုင်ခဲ့ပါတယ်။ ကိုဗစ် outbreak အခြေအနေကြောင့် နောက်ဆုံး ယှဉ်ပြိုင်ရမယ့် ပွဲစဉ် ၂ ပွဲကို မကစားထားနိုင်တဲ့ စပါးဟာ ကြားရက်မှာ လက်စတာကိုသွားပြီး ပရီးမီးယားလိဂ်ပွဲ ကစားမယ်လို့ သိရတယ်။

စပါးအသင်းရဲ့ လွဲချော်ထားတဲ့ ပွဲစဉ်နှစ်ပွဲမှာ ဥရောပပြိုင်ပွဲ တစ်ခုလည်း ပါဝင်ခဲ့ပြီး ယူအီးအက်ဖ်အေ စည်းမျဉ်းအရ ၃-၀ ဖြင့် အရှုံးပေးခဲ့ရပြီဖြစ်ပါတယ်။