ဖိအားပေးစနစ်အတွက် စရိုက်ဆိုးပြနေလို့ ပြစ်တင်ခံရတဲ့ ယူနိုက်တက်အသင်းသား ၄ ဦး

ယူနိုက်တက်က နောဝစ်ချ်ကို အဝေးကွင်း သွားရောက် ယှဉ်ပြိုင်ပြီး ၁-၀ ဖြင့် အနိုင်ရတဲ့ပွဲမှာ တိုက်စစ်သမားတွေဖြစ်တဲ့ ဖာနန်ဒက်စ်၊ ရော်နယ်ဒို၊ ဆန်ချိုနဲ့ ရက်ဖိုဒ့်တို့ဟာ နည်းပြရဲ့ ဖိအားပေး နည်းစနစ်အတိုင်း လိုက်မကစားခဲ့ကြဘူးလို့ ဂျင်မီရက်နက်က ပြစ်တင်ခဲ့ပါတယ်။

ဒီပွဲဟာ ရန်းနစ်ရဲ့ ယူနိုက်တက်နည်းပြဘဝ ပထမဆုံးသော အဝေးကွင်းပွဲစဉ်ဖြစ်တယ်။ ဒီပွဲမှာ ဒီဂီယာကို ပိုင်ဆိုင်ထားခြင်းကြောင့်သာ ယူနိုက်တက်က အနိုင်ရခဲ့တာပါလို့ ရန်းနစ်က ဝန်ခံခဲ့တာနဲ့အတူ ကလပ်ရဲ့ ကစားပုံကို သူကိုယ်တိုင်လည်း အားရကျေနပ်နေခြင်း မရှိတာ ပေါ်လွင်ခဲ့ပါတယ်။

ပွဲချိန် ၇၅ မိနစ်မှာ နောဝစ်ချ်အသင်းသား အာရွန်ကြောင့် ရလာတဲ့ ပင်နယ်တီကို ရော်နယ်ဒို ကန်သွင်းပြီး အဝေးကွင်းမှာ နိုင်ပွဲတစ်ပွဲရစေခဲ့တာ ဖြစ်ပါတယ်။ ပွဲပြီး သုံးသပ်ကြချိန်မှာတော့ ဂျင်မီရက်နက်က ယူနိုက်တက်အသင်းသားတွေက နည်းပြရန်းနစ် ကစားစေချင်တဲ့ နည်းစနစ်မှာ လိုက်ပါကစားကြဖို့ အကျင့်ဆိုးတွေကို မဖျောက်နိုင်သေးဘူးလို့ တုန့်ပြန်ခဲ့တယ်။

” သူတို့တွေက ဖြုန်းတီးလွန်းပါတယ်။ မြင်ဖူးသမျှထဲ ပွဲတစ်ပွဲမှာ ယူနိုက်တက်ကစားသမားတွေ ဘောလုံး အဖြုန်းတီးဆုံး ပွဲတစ်ပွဲတောင်ဖြစ်မယ် ထင်ပါတယ်။ ရက်ဖိုဒ့်က ဘောလုံးကို လှိမ်ခေါက်တာတွေ ဆက်တိုက်လုပ်နေတယ်၊ နောက်ဘောလုံး ဆုံးရှုံးတယ် အဲ့တာကို သူက ပြန်မလုဘဲ လမ်းလျှောက်နေပါတယ်။

ဖာနန်ဒက်စ်လည်း အတူတူပါပဲ နောက် ရော်နယ်ဒိုလည်း အတူတူပဲ။ ဘောလုံးဆုံးရှုံးခဲ့ပြီဆိုရင် သူတို့ ပြန်ယူနိုင်ဖို့ လိုပါတယ်။ သူတို့က အရည်အချင်းကောင်းတွေ ပြသနိုင်ခြင်း မရှိပါဘူး။ ကြားရက်မှာ ကစားသမားတွေ အများကြီးက အနားရထားတာဆိုတော့ ယူနိုက်တက်ထံက ဒီထက်ပိုပြီး မြင်ရမယ်လို့ ထင်ထားခဲ့တာပါ။

ကျနော်တို့က မော်ဒန် မန်နေဂျာတွေ အများကြီးက အလိုရှိနေတဲ့ ဖိအားပေးပွဲတွေ အကြောင်းကို ပြောနေတာပါ။ ဒီစနစ်အတိုင်း မကစားတဲ့ ယူနိုက်တက် ကစားသမားတွေ အများကြီး ရှိနေပါတယ်။ အထူးသဖြင့် တိုက်စစ်သမား နှစ်ဦးတင်ကစားချိန်မှာ တောင်ပံသမား နှစ်ဦးဖြစ်တဲ့ ဆန်ချိုနဲ့ ဖာနန်ဒက်စ်က ပြေးလွှားပြီး ဘောလုံး လိုက်လုတာမျိုးတွေ လုပ်ရမှာဖြစ်ပေမယ့် သူတို့ မလုပ်ခဲ့ကြဘူး။

ဒီနေ့ပွဲမှာ အနိုင် သုံးမှတ်ရခဲ့တယ် ဆိုပေမယ့်လို့ သူတို့ လုံလောက်တဲ့ အင်အားတွေနဲ့ ကစားနိုင်ခဲ့ကြခြင်း မရှိပါဘူး။ သိပ်ကောင်းတဲ့ပွဲတွေက သူတို့ကို စောင့်ကြိုနေမှာပါ။ ရန်းနစ်ဘက်က အမြင်ဆိုရင်လည်း ရမှတ်တွေအတွက် သူကျေနပ်မှာဖြစ်ပေမယ့် စွမ်းဆောင်ရည်အတွက်တော့ ကျေနပ်မယ်လို့ မထင်မိပါဘူး ” ဆိုပြီး ရက်နက်က ရှင်းပြခဲ့တာ ဖြစ်ပါတယ်။