ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ဖို့ ဘာစီလိုနာတို့ ဘယ်လိုရလဒ် ရယူနိုင်ရမလဲ

ဘာစီလိုနာဟာ ဥရောပရဲ့ အအောင်မြင်ဆုံး အသင်းတစ်သင်း ဖြစ်ပေမယ့် အခု ကလပ်ဟာ အပြောင်းအလဲကာလမှာ ရောက်နေပြီး ကစားသမားဟောင်း ဇာဗီက နည်းပြအဖြစ် တာဝန်ယူထားတာ ဖြစ်ပါတယ်။

လာလီဂါကလပ်ဟာ ၂၀၁၅ နောက်ပိုင်း ချန်ပီယံလိဂ်တခါမှ မအောင်မြင်ခဲ့ပဲ ဒီရာသီမှာလည်း ရှုံးထွက်အဆင့်ကိုတောင် ကစားခွင့်မရနိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။ အုပ်စုအဆင့် နောက်ဆုံးပွဲမှာ ဘာစီလိုနာဟာ ဘိုင်ယန်မြူးနစ်နဲ့ ရင်ဆိုင်ရမှာဖြစ်ကာ နောက်တဆင့် တက်နိုင်ဖို့ ဘာတွေလိုအပ်လဲဆိုတာ ဖော်ပြမှာဖြစ်ပါတယ်။

အကောင်းမြင်စရာ ပြောရမယ်ဆိုရင် ဘာစီလိုနာအနေနဲ့ ကိုယ့်ကံကြမ္မာကို စီရင်ခွင့်ရှိပါတယ်။ အလိုင်းယန့်ဇ်အေရီနာမှာ ဘိုင်ယန်ကို အနိုင်ရရင် ဘင်ဖီကာရဲ့ ရလဒ်က ဘယ်လိုပဲဖြစ်ဖြစ် အုပ်စု ဒုတိယအနေနဲ့ ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

ဘိုင်ယန်ကတော့ အုပ်စုဗိုလ် ဖြစ်နေပြီးသားပါ။ ဘွန်ဒက်စ်လီဂါ ဘီလူးတွေဟာ အုပ်စု ၅ ပွဲလုံးကို အနိုင်ရခဲ့ပြီး ပြီးပြည့်စုံတဲ့ ချန်ပီယံလိဂ်မှတ်တမ်းကို ရရှိထားတာကြောင့် အဝေးကွင်းမှာ သူတို့ကို အနိုင်ရင်ဆိုင်ဖို့က ဇာဗီနဲ့ အပေါင်းအပါတွေအတွက် ခက်ခဲတဲ့ တာဝန်တစ်ရပ် ဖြစ်ပါလိမ့်မယ်။

ကတ်တလန်ကလပ်ဟာ နောက်ဆုံးကစားခဲ့တဲ့ ဘင်ဖီကာနဲ့ပွဲကိုသာ အနိုင်ရခဲ့ရင် ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်စရာ ရှိခဲ့ပေမယ့် အဲ့ဒီ့ပွဲက ဂိုးမရှိ သရေကျခဲ့တာကြောင့် အရာအားလုံးက အုပ်စုနောက်ဆုံးပွဲအပေါ် မူတည်နေမှာ ဖြစ်ပါတယ်။

ဘိုင်ယန်ကို ဘာစီလိုနာ ရှုံးရင် ဘာဖြစ်သွားမလဲ?

ဘာစီလိုနာဟာ ဘိုင်ယန်ကို ရှုံးနိမ့်ပြီး ဘင်ဖီကာက ဒိုင်နမိုကိဗ်ကို မနိုင်ရင်တော့ ဘင်ဖီကာထက် ၂ မှတ်အသာ ရထားတဲ့ ဘာစီလိုနာအနေနဲ့ နောက်တဆင့်တက်မှာပါ။ ဘင်ဖီကာအတွက် နောက်တဆင့်တက်နိုင်ဖို့ဆိုရင်တော့ သူတို့ဟာ ဒိုင်နမိုကို အနိုင်ယူပြီး ဘာစီလိုနာက ဘိုင်ယန်ကို ရှုံးဖို့ မျှော်လင့်ရမှာ ဖြစ်ပါတယ်။

ဘာစီလိုနာက ဘိုင်ယန်ကို ရှုံးပြီး ဘင်ဖီကာက နိုင်ရင်တော့ ၁၆ သင်းအဆင့်ကို ဘင်ဖီကာ ဝင်ခွင့်ရမှာဖြစ်ပြီး ဘာစီလိုနာက ယူရိုပါလိဂ် ဝင်ခွင့်ရသွားမှာပါ။ ဘာစီလိုနာရော ဘင်ဖီကာရော ရှုံးရင်တော့ ၂ မှတ်အသာနဲ့ ဘာစီလိုနာက နောက်တဆင့် တက်နိုင်မှာ ဖြစ်ပါတယ်။

ဘိုင်ယန်နဲ့ ဘာစီလိုနာ သရေကျရင် ဘာဖြစ်မှာလဲ?

ဘာစီလိုနာက ဘိုင်ယန်နဲ့ သရေကျရင်တော့ ရှုပ်ထွေးပါတယ်။ ဘိုင်ယန်-ဘာကာ ရလဒ်က သရေဖြစ်သွားပြီး၊ ဘင်ဖီကာက ဒိုင်နမိုကို မနိုင်ရင် ဘာကာပဲ ရှုံးထွက်အဆင့်ကို တက်ရောက်မှာပါ။ ဘင်ဖီကာက နိုင်ပြီး ဘာကာက သရေကျရင်တော့ နှစ်သင်းလုံး ရမှတ်တူသွားမှာ ဖြစ်သလို လစ္စဘွန်းမှာ ကတ်တလန်သားကို ၃-၀ နဲ့ နိုင်ထားတဲ့ ပေါ်တူဂီသားတွေက ထိပ်တိုက်တွေ့ဆုံမှု အသာစီးရထားတာကြောင့် နောက်တဆင့် တက်သွားမှာ ဖြစ်ပါတယ်။

ဘင်ဖီကာက ဒိုင်နမိုကို မနိုင်ရင်တော့ ဘာစီလိုနာအနေနဲ့ ဘိုင်ယန်နဲ့ပွဲမှာ ဘယ်လိုရလဒ် ထွက်ထွက် နောက်တဆင့် တက်မှာဖြစ်ပါတယ်။

နောက်ဆုံးအကြိမ် အုပ်စုအဆင့်က ထွက်ခွာခဲ့ရတာ ဘယ်တုန်းကလဲ?

ဘာစီလိုနာက ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ကို မတက်ရောက်နိုင်ခဲ့တဲ့ နောက်ဆုံးအကြိမ်က ၂၀၀၁-၀၂ ရာသီ ရာသီမှာဖြစ်ပြီး သူတို့ဟာ အေစီမီလန်နဲ့ လိဒ်စ်တို့ရဲ့နောက် အုပ်စုတတိယသာ ရရှိခဲ့တာဖြစ်ပါတယ်။

လာလီဂါကလပ်အနေနဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့်ကို ဝင်ခွင့်မရခဲ့တဲ့ နောက်ဆုံးအကြိမ်က ၂၀၀၃ မှာဖြစ်ပြီး ၎င်းတို့ဟာ အဲ့ဒီ့ရာသီမှာ လာလီဂါ အဆင့် ၆ သာ ရရှိခဲ့တာ ဖြစ်ပါတယ်။