ဒီကစားပုံနဲ့ ပီအက်စ်ဂျီအသင်း ချန်ပီယံလိဂ်ဖလား အနိုင်ရမှာ မဟုတ်ဘူးလို့ အွန်နရီ ပြစ်တင်

ပြင်သစ်ဂန္တဝင်ကြီး အွန်နရီကတော့ မက်ဆီ၊ ဘာပေး၊ နေမာတို့ကို ပိုချက်တီနိုရဲ့ ကိုင်တွယ်ပုံကို မေးခွန်းထုတ်လိုက်ပြီး အသင်းအတွက် မကစားပေးတဲ့ တိုက်စစ်သမားတွေကို ပြစ်တင်လိုက်ပပါတယ်။

ပီအက်စ်ဂျီအသင်း တိုက်စစ်သမားတွေဟာ မန်စီးတီးနဲ့ ရင်ဆိုင်တဲ့ပွဲမှာ ခံစစ်ကို ကာကွယ်ဖို့ ကူညီခဲ့ကြခြင်း မရှိကြပါဘူး။ အကယ်လို့ အသင်းက ဘောလုံးပိုင်ဆိုင်မှု မရချိန်မှာ တိုက်စစ်သမားတွေရဲ့ အားထုတ်မှုက ဒီလိုပဲ ဖြစ်နေဦးမယ်ဆိုရင် ချန်ပီယံလိဂ်မှာ အောင်မြင်မှု ရမှာ မဟုတ်ပါဘူးလို့ အွန်နရီက ပြစ်တင် ဝေဖန်ခဲ့တာဖြစ်တယ်။

အွန်နရီက “ ပီအက်စ်ဂျီအသင်းက ခံစစ်ကစားနေရချိန်မှာ အဲ့သည် ကစားသမားတွေက ပြန်ဆင်းမကူတာကို မြင်ရတာက စိတ်ပျက်ဖို့ ကောင်းပါတယ်။

တိုက်စစ်သမားဟောင်း တစ်ဦးအနေနဲ့ ပြောရရင်တော့ မော်ဒန်ခေတ်မှာ ချန်ပီယံလိဂ်ဖလားကို အနိုင်ရလိုတယ်ဆိုရင် ကစားသမား ၇ ဦးတည်းနဲ့ ခံစစ်ကာကွယ်လို့ မရတော့ပါဘူး။ အဲ့လို မဖြစ်နိုင်ပါဘူး။ ခံစစ်ကို မကူတာက ဘယ်ကစားသမားဆိုတာကို ကျနော်တော့ ဂရုမစိုက်ပါဘူး။

ဆုဖလားတွေ အနိုင်ရပြီး ချန်ပီယံလိဂ်ဖလား အနိုင်ရတဲ့ အသင်းတွေဟာ အနည်းဆုံးတော့ တိုက်စစ်သမားတွေကို ဘောလုံးနဲ့ ရင်ဆိုင်စေရမှာဖြစ်ပါတယ်။ ဒါ အနိမ့်ဆုံး လုပ်ရမယ့် ကိစ္စပါ။

တိုက်စစ်သမားတွေကို ကိုယ်အသင်း ကော်နာထောင့်အထိ ခံစစ် ဆင်းကူပေးပါလို့ ပြောနေတာ မဟုတ်ပါဘူး။ ပြိုင်ဘက်ကို ရင်ဆိုင်ပြီး ခက်ခဲအောင် လုပ်ရမှာပါ။ ပေးချက်တွေကို ဖြတ်တောက်ရမှာပါ။ ထောင့်ကပ်သွားအောင် လုပ်ရမှာဖြစ်ပါတယ်။

အသင်းဖော်တွေက အဲ့လို ကစားကူမှပဲ အစွန်သမားတွေက သူတို့အရှေ့မှာကော အနောက်မှာပါ လုံခြုံတယ်လို့ ခံစားမိကြပါလိမ့်မယ်။ အခုတော့ သူတို့ရဲ့ ကစားကွက်က သိပ်ကို ပွင့်ထွက်နေပါတယ်။ ပြင်သစ်က ကလပ်တွေကတော့ ပီအက်စ်ဂျီ ကစားကွက်ကို ပွင့်သွားအောင် လုပ်နိုင်မှာ မဟုတ်ပေပမယ့် မန်စီးတီးလို အသင်းမျိုးက လုပ်နိုင်ပါတယ်။

သူတို့ မန်နေဂျာကလည်း ဒီလို ကစားပုံတွေကို ခွင့်ပြုထားတာလား မဟုတ်ရင် ဒီလို ကစားဖို့ သက်မှတ်ထားတာလား? ထိပ်တန်းအဆင့်မှာ ကိုင်တွယ်နေတဲ့ နည်းပြတစ်ယောက်က သူလုပ်ချင်သလို လုပ်ခွင့်မရတာမျိုး၊ ကစားပုံနဲ့ ပတ်သက်ပြီး ခိုင်ခိုင်မာမာ မပြနိုင်တာမျိုး ဆိုရင် ဖိအားတွေကို ရင်ဆိုင်လာရချိန်မှာ ပိုပြီး ခက်ခဲလာပါလိမ့်မယ်။

သူတို့အသင်းကနေ အမ်မရီတို့ တူချယ်တို့ ထွက်သွားရပြီးပါပြီ ဒါပေမယ့် လက်ရှိ အသင်းမှာ ပိုချက်တီနိုကလည်း ပိုချက်တီနို ပုံစံမျိုး လုပ်ခွင့်ရနေခြင်း မရှိပါဘူး ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီဟာ မန်စီးတီးကို အရေးနိမ့်ခဲ့ပေမယ့် အခြားသော ပွဲစဉ်မှာ လိုက်ဇစ်က အနိုင်ရခဲ့တာကြောင့် အုပ်စုတွင်း ဒုတိယနေရာကို ရယူခဲ့ပြီး ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။