ပရီးမီးယားလိဂ်ဖလားကို အဓိက စိန်ခေါ်မယ့် ကလပ်တွေအား အဆင့်ခွဲခြမ်း ရွေးချယ်ခြင်း (ဆောင်းပါး)

ဒီရာသီ အင်္ဂလန် ကြီး (၆) ကြီးရဲ့ အလားအလာနဲ့ ဆုဖလား စိန်ခေါ်နိုင်စွမ်းတွေကို ဗြိတိန်သတင်းဌာနကြီး ဒေးလီးမေလ်းရဲ့ အဆင့်ခွဲခြမ်းမှုတွေ ဖြစ်ပါတယ်။

ချယ်ဆီး

အဆင့် – ၁။ ရမှတ် – ၁၆

ချန်ပီယံလိဂ် ချန်ပီယံတွေဟာ ပရီးမီးယားလိဂ် ရာသီကို ကောင်းကောင်းစတင်ခဲ့ပြီး ၇ ပွဲကစားပြီးနောက် လီဗာပူးထက် ၁ မှတ်အသာနဲ့ အဆင့် ၁ နေရာကို ရောက်ရှိနေကာ သူတို့အနေနဲ့ ပြီးမြောက်အောင် လုပ်ရမယ့် အရာတွေ အများကြီး ရှိသေးတယ်ဆိုတာ ပြသနေပါတယ်။

ချယ်ဆီးဟာ ၅ ပွဲကို သက်တောင့်သက်သာာ အနိုင်ရခဲ့ပြီး လီဗာပူးနဲ့ပွဲမှာ ၄၅ မိနစ်လောက် ၁၀ ယောက်ထဲနဲ့ ကစားကာ သရေကျခဲ့သလို မန်စီးတီးတစ်သင်းကိုသာ အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တာဖြစ်လို့ ဒီရာသီ စွမ်းဆောင်ရည်ပိုင်းက အထင်ကြီးစရာ ကောင်းခဲ့ပါတယ်။

လူကာကူက သူ့တန်ကြေး ပေါင် ၉၇.၅ သန်းကြောင့် ဖိအားတွေ ရှိမနေခဲ့ပဲ လိဂ်ဂိုး ၃ ဂိုး သွင်းယူခဲ့ပြီးဖြစ်ကာ တခြားတိုက်စစ်ကစားသမားတွေနဲ့ ကောင်းကောင်းချိတ်ဆက်ပြီး တစ်ကိုယ်ကောင်းမဆန်မှုကို ပြသခဲ့ပါတယ်။ ကွင်းလယ်ဖန်တီးမှုအပိုင်းက ကိုဗာဆစ်၊ ရိစ်ဂျိမ်းစ်နဲ့ ကွီတာတို့က ပထမဆုံး ၇ ပွဲမှာ ဖန်တီးမှုတွေ အားလုံးကို ပြုလုပ်ပေးခဲ့ပါတယ်။

ပဲလေ့စ်၊ အာဆင်နယ်၊ ဗီလာ၊ စပါး၊ ဆောက်သမ်တို့ကို နိုင်ခဲ့တဲ့ပွဲတွေက အညှာတာ ကင်းမဲ့တဲ့ နိုင်ပွဲတွေ ဖြစ်ခဲ့ပြီး တူချယ်ရဲ့ ချယ်ဆီးဟာ တည်တည်ငြိမ်ငြိမ်နဲ့ လုပ်သွားခဲ့တာပါ။
ဒါပေမယ့် စီးတီးကို ရှုံးနိမ့်ခဲ့တာကြောင့် နိုင်ငံတကာ သီတင်းပတ်အတွင်း တူချယ် အတွေးများနေမှာ အသအေချာပါ။

သူတို့ဟာ စီးတီးရဲ့ ခြေအသာနဲ့ လွှမ်းမိုးမှုကို ခံခဲ့ရတာဖြစ်ပြီး ဒီလို ထိပ်တိုက်တွေ့ဆုံမှုတွေက ဖလားပြိုင်ပွဲမှာ နောက်ဆုံး အဆုံးဖြတ်လဲ ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် ခြုံပြောရရင်တော့ ချယ်ဆီးက ဒီရာသီမှာ ဖလားစိန်ခေါ်မယ့် အဓိက အသင်းတစ်သင်းဖြစ်ပြီး နိုင်ငံတကာပွဲတွေပြီးရင် ကန်တေနဲ့ သီယာဂိုဆေးဗားတို့ ပြန်လာတဲ့အခါ ပိုပြီးတော့တောင် အင်အားတောင့်တင်းလာမှာပါ။

အဆင့်သတ်မှတ်ချက် – A

လီဗာပူး
အဆင့် – ၂။ ရမှတ် – ၁၅

ဒီရာသီ ပရီးမီးယားလိဂ်ဖလားအတွက် လီဗာပူးရဲ့ စိန်ခေါ်နိုင်စွမ်းကို လူတချို့က သံသယရှိခဲ့ပေမယ့် တချို့ကတော့ သူတို့တွေ တကယ်ပဲ ဖလားအောင်မြင်နိုင်တယ်လို့ ယုံကြည်ခဲ့ကြတာပါ။

ချယ်ဆီးနဲ့ မန်စီးတီးဟာ လူကာကူနဲ့ ဂျက်ဂရီးလစ်အတွက် ပေါင် ၉၈ သန်းနဲ့ သန်း ၁၀၀ ကို အသီးသီး သုံးခဲ့ကြပြီး ဒီနိုင်ငံမှာ အမြင့်မားဆုံး ပြည်တွင်းဆုတံဆိပ်အတွက် တိုက်ပွဲဝင်မယ့် အသင်းနှစ်သင်းအဖြစ် အများက ခန့်မှန်းခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် လီဗာပူးမှာ သူတို့ နှစ်သင်းလို တိုက်စစ်မှူး ထပ်ခေါ်စရာမလိုပဲ ထိပ်တန်းဂိုးသွင်းရှင်တစ်ယောက် ရှိပြီးသားဆိုတာ ပရိသတ်တွေက မေ့နေခဲ့ကြတယ်။

ဒီရာသီ သွင်းဂိုး ၆ ဂိုးသွင်းယူထားတဲ့ ဂျေမီဗာဒီနဲ့အတူ ရွှေဖိနပ်ဆုအတွက် လက်ရှိ ဦးဆောင်နေတဲ့ မိုဟာမက် ဆာလာက ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမားဆိုတာ ငြင်းလို့မရပါဘူး။ အီဂျစ်သားဟာ လီဗာပူးရဲ့ အဖွင့် ၅ ပွဲအတွင်း နောဝစ်ချ်၊ လိဒ်စ်၊ ဘန်လေ၊ ပဲလေ့စ်တို့ ၄ ပွဲကို အနိုင်ရရှိအောင် ကူညီပေးထားခဲ့တာပါ။

အဲ့ဒီ့ ၅ ပွဲအတွင်း ချယ်ဆီးကစားသမား ကိုင်ဟားဗတ်ကသာ လီဗာပူး ဂိုးသမား အယ်လီဆန်ကို ကျော်ဖြတ် ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး အဲ့ဒီသရေပွဲမှာ လီဗာပူးက တောက်လျှောက် ဖိအားပေးခဲ့ပေမယ့် ဆာလာရဲ့ ပင်နယ်တီအပြီး ၁၀ ယောက်သာရှိတဲ့ ပြိုင်ဘက်အသင်းကို ထပ်မံဖြိုခွင်းဖို့ မလုပ်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

အိမ်ကွင်းမှာ လက်ရှိချန်ပီယံ မန်စီးတီးနဲ့ တွေ့ခဲ့တဲ့ စိတ်လှုပ်ရှားစရာ ပွဲကတော့ ၂-၂ နဲ့ပြီးဆုံးခဲ့ပါတယ်။ အဲ့ဒီ့မှာ ဆာလာဟာ ရင်သပ်ရှုမောဖွယ် တကိုယ်တော်သွင်းဂိုးနဲ့ အထင်ကြီးစရာကောင်းခဲ့ပြီး ဆာဒီယို မာနေးရဲ့ ကနဦး အဖွင့်ဂိုးနဲ့အတူ လီဗာပူးဟာ လက်ကျန်ရာသီတစ်လျှောက်လုံး ထိပ်ဆုံးကနေ ခြိမ်းခြောက်မယ့် အသင်းတစ်သင်း ဖြစ်နေတုန်းဆိုတာ သက်သေပြခဲ့ပါတယ်။

သူတို့ဟာ အိုးလ်ထရက်ဖို့ဒ်မှာ ယူနိုက်တက်နဲ့ တွေ့ရမယ့်ပွဲမတိုင်ခင် ဗီကာရေ့ဂျ် ရုဒ်မှာ ဝက်ဖို့ဒ်နည်းပြသစ် ရာနီရာရီရဲ့ ပထမဆုံးပွဲမှာ ယှဉ်ပြိုင်ကစားရတဲ့အခါ သူတို့ရဲ့ ယုံကြည်မှုတွေကို မြှင့်တင်ဖို့ မျှော်လင့်နေမှာပဲ ဖြစ်ပါတယ်။

အဆင့်သတ်မှတ်ချက် – A

မန်စီးတီး
အဆင့် – ၃။ ရမှတ် – ၁၄

ပက်ဂွာဒီယိုလာရဲ့ အသင်းဟာ နောက်ဆုံး လိဂ် လေးရာသီမှာ ၃ ကြိမ် ချန်ပီယံဖြစ်ခဲ့ပြီး အခု ၅ ရာသီမြောက်မှာ ၄ ကြိမ်မြောက် ချန်ပီယံဖြစ်ဖို့ ရည်မှန်းထားသလို သူတို့ရဲ့ အရည်အသွေးက မမှေးမှိန်သွားခဲ့ပါဘူး။

ဒါပေမယ့် ဒီခရီးမှာ ခြေချော်မှုတွေလည်း ရှိခဲ့သလို ရာသီအဖွင့်ပွဲမှာ မြောက်လန်ဒန်ကလပ် စပါးကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီး မကြာသေးမီက အိမ်ကွင်းလိဂ်ပွဲမှာ ဆောက်သမ်တန်နဲ့ ဂိုးမရှိ သရေကျခဲ့သေးတာပါ။

တချိန်ထဲမှာပဲ ဂွာဒီယိုလာရဲ့ အသင်းဟာ စိတ်မကောင်းစရာဖြစ်နေတဲ့ အာဆင်နယ်အသင်းကို ၅ ဂိုးပြတ် သွင်းယူခဲ့ပြီး အက်ဖ်အေချန်ပီယံ လက်စတာကိုလဲ သူတို့အိမ်ကွင်းမှာ အနိုင်ယူခဲ့ကာ အထင်ကြီးစရာ အကောင်းဆုံးကတော့ တူချယ်ရဲ့ ချယ်ဆီးနဲ့ ၄ ကြိမ်မြောက် တွေ့ဆုံမှုမှာ ပထမဆုံးအကြိမ် အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။

ချယ်ဆီး၊ ပီအက်စ်ဂျီတို့ကို တပတ်ထဲ ဆက်တိုက် ကစားခဲ့ရပြီးနောက် လီဗာပူးနဲ့ သရေကျခဲ့တဲ့ပွဲမှာ နှစ်ကြိမ်တိုင် ဦးဆောင်ဂိုးပေးရပြီး နောက်က လိုက်ကစားနိုင်ခဲ့တဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုက သူတို့ရဲ့ ဖလားကာကွယ်ဖို့ စိတ်အားထက်သန်မှုကို ပြသနေတာပါ။

သူတို့ဟာ ဇယားထိပ်က ချယ်ဆီးရဲ့နောက် ၂ မှတ်အကွာမှာ ရပ်တည်နေဆဲ ဖြစ်ပေမယ့် နိုဝင်ဘာအစောပိုင်းမှာ ကစားမယ့် မန်ချက်စတာဒါဘီမတိုင်ခင် ဘန်လေ၊ ဘရိုက်တန်၊ ပဲလေ့စ်တို့နဲ့ ရင်ဆိုင်ရမှာဖြစ်တာကြောင့် ပွဲချောင်နေချိန်မှာ သူတို့ရဲ့ အရှိန်အဟုန်ကို တည်ဆောက်ဖို့ မျှော်င့်နိုင်ပါတယ်။

အဆင့်သတ်မှတ်ချက် – A

မန်ချက်စတာ ယူနိုက်တက်
အဆင့် – ၄။ ရမှတ် – ၁၄

ခြေစွမ်း မတည်ငြိမ်မှုက ပြိုင်ပွဲစုံမှာ မန်ယူနိုက်တက်ရဲ့ ရာသီအစကို ထင်ရှားစေခဲ့ပြီး အဓိကအားဖြင့် ပရီးမီးယားလိဂ်မှာ ခြေမမှန်တာက ပိုသိသာနေခဲ့ပါတယ်။ လိဒ်နဲ့ အဖွင့်ပွဲမှာ ဘရူနိုဖာနန်ဒက်စ်ရဲ့ ဟက်ထရစ်၊ ပေါလ်ပေါ့ဘာရဲ့ ဖန်တီးမှုလေးကြိမ်တို့ကို မြင်တွေ့ခဲ့ရတာ ဖလားစိန်ခေါ်မယ့် ယူနိုက်တက်အသင်းအဖြစ် ရှေ့ပြေးကြေညာချက်လို ဖြစ်ခဲ့တာပါ။

ယူနိုက်တက်ဟာ မေဆန်ဂရင်းဝုဒ်ရဲ့ နောက်ကျဂိုးကြောင့် ဩဂုတ်လမှာ ဝုဗ်ကို အနိုင်ရခဲ့ပေမယ့် အဲ့ဒီ့နှစ်ပွဲရဲ့ ကြားထဲမှာ ဆောက်သမ်တန်ကို စိတ်ပျက်ဖွယ် သရေကျခဲ့ပါသေးတယ်။

ခရစ္စတီယာနို ရော်နယ်ဒို ပြန်လာတာက ဗာရိန်း၊ ဆန်ချိုတို့ကို ရပြီးဖြစ်တဲ့ အသင်းကို ထပ်မံအားအင်ဖြည့်ပေးနိုင်ဖို့ မျှော်လင့်စရာဖြစ်ခဲ့ပြီး နယူးကာဆယ်နဲ့ ပွဲဦးထွက်ခဲ့တဲ့ပွဲမှာ ပေါ်တူဂီသားရဲ့ သွင်းဂိုးနှစ်ဂိုးဟာ စထရက်ဖို့ဒ်အန့်မှာ ‘Viva Ronaldo’ ဆိုတဲ့ ကြွေးကြော်သံတွေ ညံစေခဲ့တာပါ။

ဝက်စ်ဟမ်းနဲ့ပွဲမှာ ရော်နယ်ဒို ဂိုးပေါက်ထပ်တွေ့ခဲ့ပြီး လင်ဂတ်ရဲ့ အသင်းဟောင်းထံ သွင်းဂိုးနဲ့ အနိုင်ရခဲ့ပေမယ့် အိုလီဂန်နာဆိုးရှားရဲ့ အသင်းဟာ အဲ့ဒီ့နောက် ၂ ပွဲဆက်တိုက် ကျရှုံးခဲ့တာ ဖြစ်ပါတယ်။ ကော့တ်နေးဟောက်စ်ရဲ့ နောက်ကျ ခေါင်းတိုက်ဂိုးနဲ့ ဖာနန်ဒက်စ်ရဲ့ ပင်နယ်တီလွဲချော်မှုက အက်စ်တွန်ဗီလာနဲ့ပွဲမှာ ရမှတ်အားလုံး ဆုံးရှုံးစေခဲ့ပြီး ရော်နယ်ဒိုကို ပွဲထွက်စာရင်းထဲ ချန်လှပ်ခဲ့ပြီး အဲဗာတန်ကို ရင်ဆိုင်ခဲ့တဲ့ပွဲမှာလဲ ရုန်းကန်ခဲ့ရပါတယ်။

ကာရာဘောင်းဖလားကနေ ထွက်ခွာခဲ့ရပြီး ချန်ပီယံလိဂ်မှာ တစ်ပွဲရှုံးထားတဲ့ နော်ဝေသားနည်းပြအတွက် ဖိအားတွေ ပိုများလာခဲ့ပေမယ့် ယူနိုက်တက်ဟာ စီးတီးနဲ့ ရမှတ်တူ၊ ချယ်ဆီးနဲ့ ၂ မှတ်ကွာဟနေသလို သိပ်ပြီး ဆိုးရွားမနေဘူးလို့ ဆိုနိုင်ပါတယ်။

ဒါပေမယ့် သူတို့ဟာ အဲ့ဒီ့ နှစ်သင်းထက်စာရင် ပိုလွယ်ကူတဲ့ ပွဲတွေကို ကစားခဲ့ရတာဖြစ်ပြီး အခု နိုင်ငံတကာ သီတင်းပတ်အပြီးကနေစလို့ ဆက်တိုက် ပွဲကျပ်တွေပဲရင်ဆိုင်ရဖို့ရှိပြီး နိုဝင်ဘာအကုန်ထိ တစ်ပွဲကလွဲရင် မနှစ်က အဆင့် ၈ အတွင်း ရခဲ့တဲ့ အသင်းတွေနဲ့ချည်း ကစားရမှာပါ။

အဆင့်သတ်မှတ်ချက် – B

တော့တင်ဟမ်
အဆင့် – ၈ ။ ရမှတ် – ၁၂

အာဆင်နယ်လိုပဲ စပါးဟာ ဒီရာသီ ဒီအဆင့် ပရီးမီးယားလိဂ်မှာ ခန့်မှန်းလို့ မရဆုံး အသင်းဖြစ်နေပါတယ်။ ရာသီအစမှာ မန်စီးတီးနဲ့ ဝက်ဖို့ဒ်ကို အိမ်ကွင်းမှာ အနိုင်ရခဲ့တာနဲ့အတူ ၃ ပွဲကစားပြီးချိန်မှာ ဇယားထိပ်ရောက်ခဲ့တဲ့အချိန် သူတို့ရဲ့ မြောက်လန်ဒန်ပြိုင်ဘက် အာဆင်နယ်ကတော့ ဇယားအောက်ဆုံးမှာပါ။

စပါးပရိသတ်တွေ သတိပေးခဲ့တဲ့အတိုင်း ဆင်သေကို ဆိတ်သားရေနဲ့ ဖုံးတဲ့အဖြစ်ဟာ နောက် ၃ ပွဲမှာ ဘူးပေါ်သလို ပေါ်သွားခဲ့ပြီး ပဲလေ့စ်၊ ချယ်ဆီး၊ အာဆင်နယ်တို့ကို ရှုံးနိမ့်ခဲ့ကာ စုစုပေါင်း ၉ ဂိုးထိ ပေးခဲ့ရပါတယ်။ စပါးဟာ ဝက်စ်ဟမ်းပွဲကအတိုင်း ဆွန်ယောင်မင်ရဲ့ တောက်ပမှုနဲ့အတူ အက်စ်တွန်ဗီလာကို ပြန်လည်အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့် ဟယ်ရီကိန်းကတော့ ဒီရာသီ ပရီးမီးယားလိဂ်မှာ တစ်ဂိုးမှ မရသေးပါဘူး။

အီမာဆန် ရိုင်ရယ်နဲ့ ရိုမဲရိုးတို့ ပွဲထွက်ခွင့် ရရှိခဲ့ပေမယ့် စပါးရဲ့ ဇောက်ထိုးမိုးမျှော် စတင်မှုတွေကြောင့် ဖိအားအများဆုံး ခံနေရတဲ့သူကတော့ နည်းပြ နူနိုဆန်တိုပါပဲ။
စပါးဟာ ဥရောပဝင်ခွင့်မရရင် လျော်ကြေးမပေးပဲ နောက်နွေရာသီမှာ သူ့ကို ထုတ်ပယ်ခွင့်ရမယ့် အချက်ကို စာချုပ်ထဲ ထည့်သွင်းထားတာပါ။

ဒါပေမယ့် ရာသီအစ ၇ ပွဲအပြီးမှာတော့ စပါးပရိသတ်တွေရော တခြားသူတွေအတွက်ပါ စပါးအနေနဲ့ နူနိုနဲ့ ကလပ်ရဲ့ ရည်မှန်းချက်တွေကို အောင်မြင်အောင် လုပ်နိုင်မလား၊ မလုပ်နိုင်ဘူးလားဆိုတာ ရှင်းရှင်းလင်းလင်း မမှန်းနိုင်သေးတာပဲ ဖြစ်ပါတယ်။

အဆင့်သတ်မှတ်ချက် – C

အာဆင်နယ်
အဆင့် – ၁၁။ ရမှတ် – ၁၀

အာဆင်နယ်ဟာ ဒီရာသီမှာ တကယ်ပဲ တိုးတက်လာသလား၊ အာတီတာက ကလပ်ရဲ့ အရင်ရွှေခေတ်ဆီ ပြန်လည်ရောက်ရှိစေနိုင်တဲ့ အစွမ်းအစမျိုး ရှိသလားဆိုတာ ဘာမှ သေချာမပြောနိုင်သေးပါဘူး။

သူတို့ရဲ့ အဖွင့် ၇ ပွဲကတော့ တကယ်ကို အရှုပ်ထုပ်တွေ ဖြစ်ခဲ့ပြီး ဘရန့်ဖို့ဒ်၊ ချယ်ဆီး၊ မန်စီးတီး (၅-ဝ) တို့ကို ၃ ပွဲဆက် ရှုံးနိမ့်မှုနဲ့ စတင်ခဲ့တဲ့နောက် နောဝစ်ချ်၊ ဘန်လေတို့ကို ပြန်လည်အနိုင်ရခဲ့ပြီး အရာအားလုံး လမ်းကြောင်းမှန်ပေါ် ရောက်ရှိသွားခဲ့ကာ မြောက်လန်ဒန်ဒါဘီမှာ စပါးကို အထင်ကြီးဖွယ် အနိုင်ရခဲ့ပါသေးတယ်။

ဂန်းနားတွေဟာ စနေနေ့ ဘရိုက်တန်နဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲမှာ နိမ့်ကျတဲ့အသင်းဖြစ်ခဲ့ပြီး အခုချိန် သူတို့ရဲ့ လားရာကို သုံးသပ်ကြည့်ရင် ဘာမှန်းမသိ မရောရာမှုတွေ ရှိနေပါသေးတယ်။ အကောင်းမြင်စရာအနေနဲ့ အူဘာမီးယန်းက ဂိုးတွေပြန်သွင်းနေပြီး ဘူကာယို ဆာကာနဲ့ စမစ်ရိုးတို့က ခမ်းနားထည်ဝါတဲ့ စွမ်းဆောင်မှုမျိုး ပြသခဲ့သလို မာတင်အိုဒီဂတ်ကလဲ သိပ်ကို ကောင်းနေခဲ့ပါတယ်။

ဒါပေမယ့် ဂိုးတွေကတော့ ပုံမှန်မရသေးတာဖြစ်ပြီး အကောင်းဆုံး အသင်းတွေဟာ တခါတလေမှသာ ယုံကြည်မှု ရှိစေတဲ့ အာဆင်နယ် ခံစစ်ရဲ့ အားနည်းချက်တွေအပေါ် မှာ အခွင့်အရေးယူပြီးတော့ ဒုက္ခပေးနေဆဲပါ။

အလားအလာကောင်းတဲ့ လက္ခဏာတွေအနေနဲ့ ပေါင် သန်း ၅၀ တန် ကစားသမားသစ် ဘန်ဝှိုက်နဲ့ ဂေဘရီရယ် မက်ဂါးလက်စ်တို့က နောက်တန်းမှာ အတူတကွ ကောင်းကောင်း အလုပ်လုပ်နိုင်နေပါတယ်။

နိုင်ငံတကာသီတင်းပတ်ပြီးရင် ပဲလေ့စ်၊ ဗီလာတို့ကို အိမ်ကွင်းမှာ ဆက်တိုက်ကစားရမှာမို့ အာဆင်နယ်အတွက် ရလဒ်ကောင်းတွေရအောင် ကြိုးစားဖို့ အခွင့်အရေးပါပဲ။

အဆင့်သတ်မှတ်ချက် – C