(ဆောင်းပါး) သူသာ ချယ်ဆီးရဲ့ ပွဲအဖြေတွေကို ပြောင်းလဲပေးသူ ဖြစ်ကြောင်း စွမ်းဆောင်ပြနေတဲ့ တူချယ်

ချယ်ဆီးဟာ ကွင်းထဲမှာ သူတို့ ပျောက်ဆုံးနေတဲ့ အပိုင်းအစ တစ်ခုအတွက် ဒီနွေမှာ ခေါ်ယူထားတဲ့ တိုက်စစ်မှူး လူကာကူဆီမှာ တွေ့သွားခဲ့တယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။

ဒါပေမယ့်လို့ ၂၀၂၁ နှစ်စကတည်းက ကလပ်ရဲ့ ရလဒ်တွေကို အဓိက အပြောင်းအလဲ ဖြစ်လာစေသူဟာ အသင်းပဲ့ကိုင်ရှင်ဟာ သောမတ်စ် တူချယ် ဖြစ်တယ်ဆိုတာ ငြင်းလို့မရပါကြောင်း Goal မှ ချယ်ဆီးသတင်းထောက် Nizaar Kinsella က သုံးသပ်မှုတစ်ခုကို ဖော်ပြသွားခဲ့ပါတယ်။

ဂျာမန်သားမန်နေဂျာဟာ ကမ္ဘာပေါ်က ဘယ်နည်းပြမဆို အတူတွဲလုပ်ချင်မယ့် လူအင်အား အစုအဖွဲ့တစ်ခုကို ပိုင်ဆိုင်ထားခဲ့ပြီး ဇန်နဝါရီမှာ လမ်းပတ်နေရာကို အစားဝင်လာပြီးတည်းက ချယ်ဆီးအသင်းကို စနစ်တကျ ထိန်းကျောင်းခဲ့တဲ့ နည်းလမ်းဟာ သူ့ရဲ့ အကောင်းဆုံး နည်းပြ အရည်အသွေးတွေကို သက်သေပြခဲ့တာပဲဖြစ်ပါတယ်။

အဲ့တာကို မနေ့က စပါးနဲ့ပွဲမှာ အထင်ရှားဆုံး မြင်တွေ့ခဲ့ရပါတယ်။

မြောက်လန်ဒန်မှာ ကစားခဲ့တဲ့ ပထမပိုင်းအတွင်း နူနို ဆန်တိုရဲ့ အသင်းက နည်းဗျူဟာ စီးချင်းထိုးမှုမှာ အသာစီးရနေခဲ့တာပါ။ ပေါ်တူဂီသားကြီးဟာ ပုံမှန်မဟုတ်တဲ့ မြင့်မားတဲ့ ဖိအားပေး နည်းစနစ်ဖြင့် ပွဲကို ဖွင့်လှစ်ခဲ့ပြီး ချယ်ဆီးရဲ့ ကစားကွက် တည်ဆောက်မှုကို အနှောင့်အယှက် ပေးခဲ့သလို စပါးရဲ့ တောင့်တင်းတဲ့ တိုက်စစ်အတွက်လည်း အခွင့်အရေးတွေ ဖန်တီးပေးခဲ့တာပါ။

ချယ်ဆီးဟာ စပါးကို ဂိုးမပေးရဖို့ သီယာဂို ဆေးဗား၊ ခရစ္စတန်ဆန်၊ ရူဒီဂါတို့ရဲ့ ဗဟိုခံစစ် ၃ ယောက်တွဲဆီကနေ သိပ်ကောင်းတဲ့ နောက်ဆုံး ခုခံကာကွယ်မှုတွေကို အားကိုးနိုင်ခဲ့ပေမယ့် မြို့ခံပြိုင်ဘက်တွေကို အရေးနိမ့်ရလုနီးပါး ဖြစ်ခဲ့တယ်ဆိုတာ အထင်းသား မြင်တွေ့ခဲ့ရပါတယ်။

ပထမပိုင်း ၄၅ မိနစ်အတွင်း တူချယ်ဟာ ပြဿနာတေကို ဖြေရှင်းဖို့ ကြိုးစားးခဲ့ပြီး လူကာကူ၊ ကိုင်ဟားဗတ်နဲ့ မေဆန်မောင့်တို့လို ကစားသမားတွေကို ကွင်းဘေးခေါ်ပြီး တစ်ဦးချင်း ညွှန်ကြားမှုများစွာ လုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ကွင်းဘေးစည်းကနေ သူ့ကစားသမားတွေကို အော်ဟစ်ပြောဆိုလို့ အပြီးမှာတော့ အဲ့တာတွေထက် ပိုကောင်းတဲ့ ပြောင်းလဲမှုကို လုပ်ဖို့ လိုအပ်တယ်လို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

စပါးဟာ အားကောင်းတဲ့ ကွင်းလယ်ကစားသမားတွေကြောင့် ကွင်းလယ်ကို လွှမ်းမိုးထားခဲ့တာဖြစ်ပြီး ဒုတိယပိုင်းမှာ တူချယ်ဟာ မနှစ်က ရာသီရဲ့ အကောင်းဆုံး ကစားသမားဆုရှင် မောင့်ကို ထုတ်ပယ်ပြီး ကန်တေနဲ့ အစားထိုးဖို့ ညှာတာမှုမရှိ ဆုံးဖြတ်ခဲ့ပါတယ်။

များမကြာခင်မှာပဲ ချယ်ဆီးက ပွဲကို ပြန်လည်ထိန်းချုပ်သွားနိုင်ခဲ့ပြီး ကွင်းလယ်အတွင်းလူ သုံးယောက်ဟာ တောင်ပံအစွန်လူတွေကို ရှေ့တန်းအထိ လိုက်ပါနိုင်ဖို့ တွန်းအားပေး နိုင်ခဲ့ပါတယ်။

အရန်ခုံမှာ ကန်တေလို အရည်အသွေးနဲ့ ကစားသမားကို ထားနိုင်ဖို့ လုံလောက်တဲ့ အင်အားတောင့်တင်းမှုမျိုး အသင်းတိုင်းမှာ မရှိပါဘူး။ ဒါပေမယ့် တူချယ်ရဲ့ သိပ်ကိုဆရာကျတဲ့ လုပ်ရပ်က သူ့စိတ်ကြိုက် ၃-၄-၃ ပုံစံကနေ ၃-၅-၂ ပုံစံ ပြောင်းလဲခဲ့တာဖြစ်ပြီး ပွဲချိန်အစောပိုင်းမှာပဲ ဒါကို လုပ်ရဲတဲ့ ယုံကြည်မှုရှိခြင်းပါပဲ။

ဒုတိယပိုင်း ၂ မိနစ်အတွင်းမှာပဲ စပါးဂိုးသမား ဟူဂိုလိုရစ်ဟာ မားကို့စ် အလွန်ဆိုရဲ့ မြေမထိဘောကို ဂိုးဘာတန်းကျော်အောင် မနည်း ကာကွယ်ခဲ့ရပါတယ်။ နောက်ထပ် ၂ မိနစ်အကြာ အလွန်ဆိုရဲ့ ထောင့်ကန်ဘောကို သီယာဂိုဆေးဗားက နေရာလွတ်တစ်ခုကနေ ခေါင်းတိုက်ပြီး ဂိုးသွင်းယူခဲ့ပါတယ်။

ပွဲပြန်စပြီး ၁၂ မိနစ်အတွင်း ကန်တေရဲ့ အဝေးဘော ကန်ချက်ဟာ စပါးနောက်ခံလူ အဲရစ်ဒိုင်ယာကြောင့် လမ်းကြောင်းပြောင်းသွားခဲ့ပြီး ဂိုးတိုင်အောက်ထောင့်ကို သွားထိကာ လိုရစ်အနေနဲ့ ကာကွယ်ဖို့ မမီလိုက်ပဲ နောက်ထပ် ဂိုးတစ်ဂိုးထပ်ပေးခဲ့ရပါတယ်။

“ ပထမ ၄၅ မိနစ်ကို ကျွန်တော် လုံးဝ မပျော်ခဲ့ဘူး။ ကျွန်တော်တို့မှာ အာရုံစူးစိုက်မှု၊ စွမ်းအင်နဲ့ နှစ်ယောက်ယှဉ်လုတဲ့ ၅၀-၅၀ အနေအထားမှာ မဆုတ်မနစ် ကြိုးပမ်းမှုတွေ ပျောက်ဆုံးနေခဲ့တယ်။ မေဆန်မောင့်ကို ထုတ်ဖို့က ခက်ခဲတဲ့ ရွေးချယ်မှု ဖြစ်ခဲ့ပါတယ်။ ကန်တေနဲ့ဆိုရင် ခံစစ်က ပိုထိရောက်ပေမယ့် ကျွန်တော်က အင်အားတွေ ပေးချင်ခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ သိပ်ကောင်းတဲ့ စွမ်းဆောင်ရည်ကို မြင်ခဲ့ရပြီး ထိုက်တန်တဲ့ နိုင်ပွဲ ဖြစ်ခဲ့ပါတယ်။ သိပ်ကောင်းတဲ့ တုံ့ပြန်မှု ဖြစ်ခဲ့တာကြောင့် ဒုတိယပိုင်း ခြေစွမ်းကို ကျွန်တော် အားရပါတယ် ” လို့ တူချယ်က ပြောပါတယ်။

ချယ်ဆီးရဲ့ ပြိုင်ဘက်တွေအတွက်တော့ သူတို့ရဲ့ ခေါင်းမာတဲ့ခံစစ်ချဉ်းကပ်မှုဟာ ကြည့်ရတာရော၊ ရင်ဆိုင်ကစားရတာပါ ဒေါသထွက်စရာ ဖြစ်မှာပါ။ သူတို့ဟာ အသင်းတစ်သင်းအနေနဲ့ ဆိုးရွားတဲ့ စွမ်းဆောင်ပဲ ပြနိုင်ခဲ့တာတောင်မှ ပြိုင်ဘက်အသင်းက အခက်အခဲတွေ ရင်ဆိုင်ရလေ့ရှိတယ်။ တူချယ်အတွက်ကတော့ သူ့ရဲ့အရန်ခုံကနေ တိုက်စစ်ပြဿနာတွေ ဖြေရှင်းဖို့ ရွေးချယ်စရာတွေ ရနေစေခဲ့တာ ဖြစ်ပါတယ်။

ဒါက ချယ်ဆီးက ၂-၀ နဲ့ ဦးဆောင်နေချိန်မှာ တူချယ်လုပ်ခဲ့ရတဲ့ အရာပါပဲ။ ဟာဗက်ကို ထုတ်ပယ်ပြီး တီမိုဗာနာနဲ့ အစားထိုးခဲ့ကာ ဗာနာရဲ့ အရှိန်အဟုန်နဲ့ တိုက်ရိုက် ပြေးလွှားမှုတွေက ဦးဆောင်ထားတဲ့ ရလဒ်ကို ကာကွယ်ဖို့ ကြိုးစားချိန်မှာ ပြိုင်ဘက်ကို ဖိအားပေးဖို့ အသင့်တော်ဆုံး တိုက်စစ်ကစားသမား ဖြစ်စေပါတယ်။

ဒါက ချယ်ဆီးကို နိုင်ပွဲသေချာအောင် ကူညီပေးခဲ့ပြီးတော့ ဗာနာအနေနနဲ့ ဂိုးသွင်းဖို့ အခွင့်အရေးကောင်း တချို့ကို ဖြုန်းတီးခဲ့ပေမယ့် အချိန်ပိုမှာ သိပ်အားမပြင်းတဲ့ ဖြတ်တင် ပေးပို့မှုနဲ့အတူ ရူဒီဂါ ဂိုးသွင်းနိုင်အောင် ဖန်တီးပေးနိုင်ခဲ့ပါတယ်။

ချယ်ဆီးဟာ ပထမပိုင်းက သူတို့ကစားပုံ အရည်အသွေးနဲ့ ပတ်သက်ပြီး အနည်းငယ် စိုးရိမ်မှု ရှိနေဦးမှာပါ။ ပြီးခဲ့တဲ့ အက်တွန်ဗီလာ၊ ဇင်းနစ်တို့နဲ့ ပွဲတွေမှာလည်း သူတို့ဟာ အချိန်အတော်ကြာ ရုန်းကန်ခဲ့ရပြီး ဒုတိယပိုင်းကျမှ အနိုင် ၃ မှတ် ရယူနိုင်ခဲ့တာဖြစ်သလို အထနှေးမှုက စိုးရိမ်စရာတစ်ခုတော့ ဖြစ်နေပါတယ်။

တူချယ်ဟာ သူ့အသင်းကို ဒီပွဲတွေရဲ့ အရေးပါတဲ့ နှောင်းပိုင်းတွေမှာ ထိန်းချုပ်ထားနိုင်တာ မြင်ရလို့ ကျေနပ်နေလောက်ပေမယ့် လေ့ကျင့်ရေးကွင်းမှာ အစောပိုင်း ရုန်းကန်ရတဲ့ ပြဿနာတွေကို ဖြေရှင်းရမှာပါ။

ပရီးမီးယားလိဂ် ရာသီစတင်ကတည်းက ချယ်ဆီးဟာ ပြိုင်ပွဲစုံ ၆ ပွဲလုံး ရှုံးပွဲမရှိခဲ့ပဲ (ဆာလာရဲ့ ပင်နယ်တီ) တစ်ဂိုးသာ ခွင့်ပြုခဲ့ရကာ လီဗာပူး၊ အာဆင်နယ်၊ စပါးတို့လို အသင်းကြီးတွေကို အဝေးကွင်းမှာ ကစားပြီးခဲ့ပြီး ဖြစ်ပါတယ်။ ဒီပွဲဆက်တွေအပြီး လက်ရှိအမှတ်ပေးဇယားထိပ်မှာ ချယ်ဆီးဟာ လီဗာပူး၊ မန်ယူနိုက်တက်တို့နဲ့ ရမှတ်တူတူ ရရှိထားပြီး မေးခွန်းထုတ်စရာမရှိ ဖလားစိန်ခေါ်သူ၊ ဗိုလ်စွဲဖို့ ရေပန်းစားသူတွေ ဖြစ်နေပါတယ်။

အဲ့ဒီ့ ဂုဏ်ပုဒ်ဟာ တူချယ် ကြိုးပမ်းခဲ့တဲ့ လုပ်ဆောင်မှုကြောင့်သာ ဖြစ်နိုင်ပါတယ်။ သူ့အနေနဲ့ ကမ္ဘာ့ထိပ်တန်းအဆင့် နည်းပြတွေကြား တန်းတူ နေရာတစ်နေရာ ရနိုင်မလားဆိုတဲ့ မေးခွန်းထုတ်မှုတွေ ရှိခဲ့ရင် တူချယ်ဟာ အဲ့ဒီ့အတွက် ခိုင်မာတဲ့ အဖြေကို ဆက်လက် သက်သေပြနေတာပဲ ဖြစ်ပါတယ်။