ချယ်ဆီးအသင်း ချန်ပီယံလိဂ်ဆုဖလား ကာကွယ်နိုင်မယ့် အကြောင်းရင်းကို ရှင်းပြသွားတဲ့ ဂျိုးကိုလ်း

စတန်းဖို့ဒ်ဘရစ်ခ်ျမှာ လူကာကူရဲ့ ဒုတိယအကြိမ် ခရီးလမ်းက ပေါင် ၉၇.၅ သန်းနဲ့ တကယ်တန်တယ်လို့ ချယ်ဆီး ဂန္တဝင် ဂျိုကိုးလ်က ယုံကြည်နေပြီး သူက ကလပ်ကို နောက်ထပ် ချန်ပီယံလိဂ် ဖလားရရှိအောင် ကူညီပေးနိုင်တယ်လို့ ပြောဆိုလိုက်ပါတယ်။

အိုးလ်ထရက်ဖို့ဒ်ဆီ ခရစ္စတီယာနို ရော်နယ်ဒို ပြန်ရောက်လာတဲ့နောက် မန်ချက်စတာ ယူနိုက်တက်မှာ စိတ်လှုပ်ရှားမှုတွေ မြင့်တက်နေပေမယ့် လူကာကူကလည်း ပရီးမီးယားလိဂ် သွင်းဂိုး ၃ ဂိုး သွင်းယူထားခဲ့ပြီးတော့ လန်ဒန်ကလပ်မှာ ပရိသတ်အကြိုက် ကစားသမား ဖြစ်လာခဲ့တာပါ။

ပရီးမီးယားလိဂ်ဖလား ၃ ကြိမ် အောင်မြင်ခဲ့ဖူးတဲ့ ကိုးလ်က လွန်ခဲ့တဲ့ ၇ နှစ်က ပေါင် ၁၈ သန်းနဲ့ ရောင်းထုတ်ခဲ့ပြီး အခုတဖန် ကလပ်စံချိန်တင်ကြေးနဲ့ ပြန်ခေါ်ယူထားရတဲ့ လူကာကူဟာ ချယ်ဆီးကို ဥရောပဘီလူးတွေနဲ့ ရင်ဘောင်တန်းနိုင်အောင် မြှင့်တင်ပေးခဲ့တယ်လို့ ယုံကြည်နေပါတယ်။

လက်ရှိ ဥရောပချန်ပီယံတွေဟာ အုပ်စုအဖွင့်ပွဲအနေနဲ့ ဇင်းနစ်နဲ့ ကစားရမှာဖြစ်သလို မေလမှာ ချန်ပီယံဖလားကို ကိုင်မြှောက်နိုင်မယ်လို့ ကိုးလ်က မျှော်လင့်နေတာပါ။

“ ရာသီသစ် မတိုင်ခင်တုန်းက ချယ်ဆီးက နံပါတ်ကိုးတစ်ယောက်ကို ဈေးကွက်မှာ ရှာဖွေနေခဲ့တယ်ဆိုတာ လူတိုင်းသိပါတယ်။ အဲ့ဒီ့အတွက် သူတို့ပစ်မှတ်ထားနိုင်တဲ့ ထိပ်တန်း ကစားသမား ၅ ယောက်ပဲ ရှိခဲ့တယ်။ လီဝန်ဒေါစကီး၊ ဟာလန်း၊ ဘာပေ၊ ရော်နယ်ဒိုနဲ့ လူကာကူပေါ့။

ဒီနွေမှာ သူတို့တွေထဲက တစ်ယောက်ကိုမှ ဈေးချိုချိုနဲ့ မရနိုင်ခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ အကောင်းဆုံး ကစားသမားတွေလေ။ ဒါပေမယ့် ချယ်ဆီး လိုအပ်တဲ့ အရည်အသွေးတွေနဲ့ သေချာ တိုင်းတာကြည့်မယ်ဆိုရင် လူကာကူက အသင့်တော်ဆုံး ခေါ်ယူမှု ဖြစ်ခဲ့တယ်။

အသက် ၂၈ နှစ်၊ အကောင်းဆုံး ပုံစံတွေရရှိနေတဲ့ အတွေ့အကြုံရှိပြီးသား ဂိုးသွင်းရှင် တစ်ယောက်ပေါ့။ အရှိန်အဟုန်၊ အင်အား၊ အမြင့်ဘော၊ အဆုံးသတ်ပိုင်း စသဖြင့် အရာအားလုံး ပြည့်စုံတယ်။ ဒါဆို သူက ပထမတစ်ကြိမ်တုန်းက ဘာလို့ ချယ်ဆီးကို စွန့်ခွာခဲ့ရလဲလို့ မေးစရာရှိတယ်။ ဒါဆို ဒီဘရိုင်းနဲ့ ဆာလာတို့ကိုလဲ မေးခွန်းထုတ်ရမှာပဲလေ။ ဒါပေမယ့် ကလပ်ဆီကို လူကာကူ ပြန်လာတာနဲ့ ပတ်သက်လို့ ဘာမှ အဆန်းတကြယ် မရှိပါဘူး။

မင်းက ဥရောပချန်ပီယံဖြစ်ပြီး ဖလားကို ကာကွယ်ချင်တယ်ဆိုရင် နောက်တပတ်၊ နောက်နှစ် မဟုတ်ပဲ အခုချက်ချင်းကို အကောင်းဆုံး ကစားသမားတွေ လိုအပ်တယ်။ စပါးနဲ့ အာဆင်နယ်လိုမျိုး အသက် ၂၁ နှစ်၊ ၂၂ နှစ်လောက် လူငယ်တွေကို ခေါ်ပြီး နောက်နှစ် အနည်းငယ်မှာ တိုးတက်လာဖို့ စောင့်နေလို့ မရပါဘူး။ အခုချက်ချင်းကို တောက်ပနိုင်မယ့် ထိပ်တန်းကစားသမားကို လိုအပ်ပါတယ်။

လူကာကူရဲ့ ကစားသမားဘဝကို ပြန်ကြည့်ရင် လွန်ခဲ့တဲ့ ၈နှစ်၊ ၉ နှစ် လောက်တုန်းက သူဟာ ချယ်ဆီးတိုက်စစ်ကို ဦးဆောင်ဖို့ အဆင်သင့် မဖြစ်ခဲ့ဘူးဆိုတာ လက်ခံရမယ်။ သူ့အနေနဲ့ သူ့ရဲ့ စွမ်းရည်တွေကို ဖွင့်ထုတ်ဖို့ ဒီ့ပြင် ကလပ်တွေဆီ ခရီးထွက် လျှောက်ကစားဖို့ လိုအပ်ခဲ့ပါတယ်။

ဒါပေမယ့် အခုချိန်ကတော့ သူ့အတွက် တာဝန်ယူရမယ့် အချိန်ပါပဲ။ သူက ချယ်ဆီးကို နောက်ထပ် ချန်ပီယံလိဂ်ဖလား အောင်မြင်စေနိုင်တဲ့ အပိုအင်အား လေးငါး ရာခိုင်နှုန်းလောက် ပေးပါလိမ့်မယ် ” လို့ ကိုးလ်က ပြောဆိုခဲ့ပါတယ်။