မက်ဆီကို ကျော်ပြီး ရော်နယ်ဒိုက အကောင်းဆုံးဆိုတဲ့ နဗီးရဲ့ ဆွေးနွေးမှုကို ကာရေဂါ ငြင်းဆန်

” မင်းက မန်နေဂျာတစ်ယောက်ကွာ။ ပွဲတစ်ပွဲကို အနိုင်ရဖို့ ဘောလုံးသမိုင်းမှာ အကောင်းဆုံး ကစားသမားတွေထဲက တစ်ယောက်ကို မင်းရွေးခွင့်ရမယ်။ လူစားလဲခွင့်က တစ်ကြိမ်ပဲ ကျန်တာနော် ဘယ်သူ့ကို ရွေးမလဲ? ”

အထက်ပါစကားက Monday Night Football အစီအစဉ်မှာ ဂယ်ရီနဗီးက တွဲဘက် အစီအစဉ်မှူး ကာရေဂါကို မေးမြန်းခဲ့တဲ့ မေးခွန်းဖြစ်ပါတယ်။ ဖန်တရာတေနေတဲ့ ရော်နယ်ဒို၊ မက်ဆီကြား ဘယ်သူပိုကောင်းလဲ မေးခွန်းပဲဖြစ်ပြီး နဗီးကတော့ ရော်နယ်ဒိုကို ရွေးချယ်ခဲ့တာဟာ အံ့သြစရာ ဖြစ်မယ် မထင်ပါဘူး။

ဂယ်ရီနဗီးက ” မက်ဆီက ဂိုးတွေအများကြီးကို သွင်းနိုင်တဲ့သူဆိုတာ သံသယမရှိပါဘူး။ သူက သိပ်ကို ကောင်းတဲ့ ကစားသမားပါ။ ဒါပေမယ့်လို့ ရော်နယ်ဒိုက သူအားသားတဲ့ ခြေထောက် မဟုတ်တာတောင် သူ့သွင်းဂိုးရဲ့ ၃၀%၊ ၄၀% လောက်ကို အဲ့ဘက်နဲ့ သွင်းထားတာပါ။ သူက ပင်နယ်တီလည်း ပိုသွင်းထားပါတယ်။ ဒီတော့ ပွဲရဲ့ အရေးအကြီးဆုံး အပိုင်းမှာ သူက ပိုပြီး ပြည့်စုံတဲ့သူဆိုတာကို ပြသနေပါတယ်။

ဒီထက်ပိုပြီး ညွှန်ပြရရင်ကွာ နိုင်ငံတကာမှတ်တမ်းတွေကို ပြရမှာပါပဲ။ သူက အမျိုးသားအဆင့် နိုင်ငံတကာ သွင်းဂိုးမှာ ဂိုးအများဆုံး ရယူထားသူအဖြစ် မှတ်တမ်းဝင်နေတာပါ။ နောက်ပြီး သူကစားရတဲ့ အသင်းတွေက မက်ဆီရဲ့ အသင်းလောက် မကောင်းပေမယ့်လို့ ချန်ပီယံလိဂ် ၅ ကြိမ် ရယူထားတာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းမှာ မက်ဆီက ဆုဖလားတွေ ပိုရထားတယ်ဆိုပေမယ့် နိုင်ငံတကာမှတ်တမ်းနဲ့ ချန်ပီယံလိဂ်ဆုဖလားတွေအရ သူတို့နှစ်ဦးက တူညီတဲ့ သွင်းဂိုး ပမာဏလောက်ကို သွင်းယူထားတာဆိုပေမယ့် ရော်နယ်ဒိုက သမိုင်းတစ်လျှောက် အကောင်းဆုံး ကစားသမားလို့ ကျနော် ထင်ပါတယ် ” လို့ ဆွေးနွေးသွားခဲ့တယ်။

ကာရေဂါကတော့ နဗီးရဲ့ အမြင်ကို ကန့်ကွက်ပါတယ်။ လီဗာပူး ခံစစ်မှူးဟောင်းကတော့ မက်ဆီဟာ ဘောလုံးလောကမှ လူတွေ တစ်ကြိမ်မှ မမြင်ဖူးတဲ့ ကိစ္စတွေကိုမှ ကွင်းထဲမှာ လုပ်ပြနိုင်တဲ့ ဘောလုံးစကေး သိပ်ကောင်းသူအဖြစ် ချီးကျူးပါတယ်။

” လူတိုင်းကတော့ ရော်နယ်ဒို (သို့) မက်ဆီရဲ့ ပရိသတ် မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ရော်နယ်ဒိုက သမိုင်းတစ်လျှောက် အကောင်းဆုံး ကစားသမားတော့ မဟုတ်ပါဘူး။ အဲ့အကြောင်း သူ့ရဲ့ ဘော်ဒါကြီး (နဗီး) ကို ကျနော် ပြောပြရပါလိမ့်မယ်။

မင်းက ခြားနားတဲ့ သွင်းဂိုးတွေအကြောင်းကို ပြောနေတယ်။ ဂိုးပိုက်နဲ့ ဘယ်လို မိတ်ဆက်သွားတယ်ဆိုတာက အရေးမကြီးပါဘူး။ ဖရီးကစ်ကပဲ သွင်းသွင်း၊ ခေါင်းတိုက်ပဲ သွင်းသွင်းပေါ့။ မက်ဆီက ရော်နယ်ဒိုထက် ဂိုးတွေ ပိုသွင်းထားပါတယ်။ မက်ဆီက ပလေးမိတ်ကာတစ်ယောက်ပါ။ သူက ပွဲကို မောင်းနှင်နိုင်စွမ်း ရှိပေမယ့်လို့ ရော်နယ်ဒိုက အဲ့လို မလုပ်နိုင်ပါဘူး။

အရန်ခုံက ထလာတဲ့အကြောင်း မင်းပြောတယ်နော်။ မက်ဆီက အရန်ခုံကနေ ထလာပြီး ဂိုးသွင်းတာ ရော်နယ်ဒိုရဲ့ နှစ်ဆလောက်ရှိတယ်။ မက်ဆီက ဂိုးအများစုကို ဘယ်ခြေနဲ့ ကန်သွင်းခဲ့လည်း အဲ့တာ ပြဿနာ မဟုတ်ပါဘူး။ နောက်ဆုံးတော့ အချက်အလက်တွေမှာ သူ ဂိုးတွေ ပိုသွင်းတယ်ဆိုတာပဲ မှတ်တမ်းအဖြစ် သက်သေပြနေမှာပါ။

ကစားသမားတစ်ယောက် အနေနဲ့ မက်ဆီက မင်းမျက်လုံးနဲ့ မြင်နေရတာတောင်မှ မယုံနိုင်တဲ့ နေရာကို ရောက်သွားနိုင်ပါတယ်။ ရော်နယ်ဒို လုပ်ပြနေတာက အခြားကစားတိုင်း လုပ်ပြနိုင်တာမျိုးတွေကိုပဲ ဖြစ်ပါတယ်။ မက်ဆီ လုပ်ပြနေတာက မင်း တစ်ခါမှကို မမြင်ဖူးတဲ့ ကိစ္စတွေကို ကွင်းထဲမှာ လုပ်ပြနိုင်ပါတယ် ” လို့ ငြင်းခုံခဲ့တာပဲဖြစ်ပါတယ်။

ရော်နယ်ဒို (သို့) မက်ဆီတို့ နှစ်ဦးမှာ ဘယ်သူက ပိုကောင်းသလဲ။ ဒါဟာ နောက်ထပ်သော မျိုးဆက်တွေထိ လက်ဆင့်ကမ်းနေဦးမယ့် အဆုံးသတ်မရှိတဲ့ မေးခွန်းတစ်ခု၊ ငြင်းခုံရတဲ့ မေးခွန်းတစ်ခုအဖြစ် ဆက်လက် ရှိနေဦးမှာ ဖြစ်ပါတယ်။