ချန်ပီယံလိဂ် အုပ်စုအဆင့်များကို လေ့လာခြင်းနဲ့ ရှုံးထွက်တက်နိုင်မယ့် (၁၆) သင်း ရွေးထုတ်ခြင်း

၂၀၂၁-၂၀၂၂ ဘောလုံးရာသီ ချန်ပီယံလိဂ် အုပ်စု (၈) ခုမှ အသင်းပေါင်း ၃၂ သင်းရဲ့ ရံှူးထွက်အဆင့်ကို တက်ရောက်လာနိုင်မယ့် အလားအလာအတွက် ဗြိတိန်သတင်းဌာန ဂါးဒီးယန်းမှာ အခုလို သုံးသပ် ခန့်မှန်းပေးသွားပါတယ်။

Group A

ပြီးခဲ့တဲ့ ၂ ရာသီအတွင်း ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ရှုံးနိမ့်ထားတဲ့ အသင်း ၂ သင်းနဲ့အတူ လွန်ခဲ့တဲ့ ၂ ရာသီက ဆီမီးဖိုင်နယ်အထိ ရောက်ရှိခဲ့တဲ့ လိုက်ပ်ဇစ်တို့ ပါဝင်တဲ့ အုပ်စု A ကတော့ အကြပ်တည်းဆုံး အုပ်စုလို့ ပြောလို့ရပါတယ်။

မနှစ်က ဆီမီးဖိုင်နယ်မှာ မန်စီးတီးက ပီအက်စ်ဂျီကို ကျော်ဖြတ်ခဲ့ပေမယ့် နွေဈေးကွက်မှာ ပြင်သစ်ကလပ်ဟာ ဟာကီမီ၊ ရာမို့စ်၊ ဒွန်နာရမ်မာ၊ ဝိုင်နယ်ဒန် တို့အပြင် မက်ဆီကိုပါ ခေါ်ယူ အားဖြည့်ထားတာကြောင့် ပီအက်စ်ဂျီကို ရင်ဆိုင်ဖို့က ဒီတကြိမ်မှာတော့ မန်စီးတီးအတွက် လွယ်ကူမှာ မဟုတ်ပါဘူး။

နည်းပြ နေဂဲလ်စမန်းနေရာ ဂျက်ဆီမက်ခ်ျနဲ့ အစားထိုးထားတဲ့ လိုက်ဇစ်ဟာ အူပါမီကာနိုနဲ့ ကိုနာတေးတို့ကိုလည်း ဆုံးရှုံးထားရတာကြောင့် ဒီရာသီမှာ သိပ်ပြီး အင်အား မတောင့်တင်းပါဘူး။ ကလပ်ဘရုဂ်ျကတော့ တကြိမ်မှ အုပ်စုအဆင့်ကနေ မတက်ဖူးပါဘူး။

အုပ်စုအဆင့် ခန့်မှန်းချက် – 1 ManCity 2 PSG 3 RB Leipzig 4 Club Brugge

Group B

အုပ်စု B မှာတော့ ဥရောပချန်ပီယံဟောင်း ၃ သင်းနဲ့ ဗိုလ်လုပွဲ ၃ ကြိမ် ရှုံးထားဖူးတဲ့ ၁ သင်း ပါဝင်ပါတယ်။ ဒီအုပ်စုဟာ ဒီရာသီ ချန်ပီယံလိဂ်ရဲ့ မရဏာအုပ်စုပဲ ဖြစ်ပါတယ်။

အက်သလက်တီကို မက်ဒရစ်ဟာ စပိန်မှာ ရီးရဲလ်၊ ဘာစီလိုနာ တို့ကိုကျော်ပြီး ဖလားယူခဲ့ပေမယ့် ဥရောပမှာတော့ တနှစ်က လီဗာပူးကို ဖယ်ထုတ်နိုင်ခဲ့တာတောင် သူတို့ရဲ့ ချန်ပီယံလိဂ် မှတ်တမ်းတွေက ဆိုးရွားပါတယ်။ လီဗာပူးအတွက်တော့ မနှစ်က ဆိုးရွားတဲ့ ပုံစံတွေဟာ ဒဏ်ရာပြဿနာတွေကြောင့်လား အခြား အကြောင်းတွေေကြောင့်လား ဆိုတာ မေးခွန်းထုတ်ရမှာပါ။

ပေါ်တိုဟာ မနှစ်က ပေါ်တူဂီမှာ ဒုတိယ ရခဲ့ပေမယ့် ချန်ပီယံလိဂ်မှာ အထင်ကြီးစရာ ကောင်းခဲ့ပြီး ဂျူဗင်တပ်ကို ဖြုတ်ချခဲ့ကာ ချယ်ဆီးကို စတန်းဖို့ဒ်ဘရစ်ချ်မှာ အနိုင်ရခဲ့ပါတယ်။
စီးရီးအေမှာ တစ်ကျော့ပြန်တောက်ပလာတဲ့ အေစီမီလန်က ၂၀၁၄ နောက်ပိုင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဝင်ခွင့် ရခဲ့ပါတယ်။ ဒွန်နာရမ်မာက ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်ပေမယ့် ဂျီရူး၊ တိုမိုရီနဲ့ မိုက်ခ် မိုင်ဂန်တို့ကို ခေါ်ယူအားဖြည့်ထားတာပါ။

အုပ်စုအဆင့် ခန့်မှန်းချက် – 1 Liverpool; 2 Atlético 3 Porto 4 Milan

Group C

အုပ်စု C ကတော့ အမျှတဆုံးပါပဲ။ မနှစ်က လိဂ်ဖလားဟာ ၁၉ နှစ်အတွင်း စပို့တင်းရဲ့ ပထမဆုံးအကြိမ်ဖြစ်ပြီး နည်းပြ အာမိုရင်အတွက်လဲ မသိအမှတ်ပြုစရာ အောင်မြင်မှုပါ။

မာကိုရို့စ်ဟာ ဒေါ့မွန်ကို နည်းပြအဖြစ် ရောက်ရှိလာခဲ့ပါတယ်။ ဒါပေမယ့် ဒေါ့မွန်ရဲ့ စီးပွားရေးဆန်မှုကြောင့် အရင်နည်းပြတွေလို အနှောင့်အယှက်နဲ့ ကြုံခဲ့ရပြီး ဆန်ချိုကို လက်လွှတ်ခဲ့ရပါတယ်။

အေဂျက်ဟာ မနှစ်က ၁၆ မှတ်အသာနဲ့ နယ်သာလန် အမှတ်ပေးဖလားရခဲ့ပြီး သူတို့အသင်းကို ကောင်းကောင်း ထိန်းသိမ်းထားခဲ့ပါတယ်။ အရေးအကြီးဆုံးကတော့ စပါးနဲ့ တခြားကလပ်တွေရဲ့ စိတ်ဝင်စားမှုတွေ ရရှိခဲ့တာတောင် နည်းပြ အဲရစ်တန်ဟက်က ဆက်ရှိနေသေးတာပါ။

တူရကီ ချန်ပီယံ ဘီဆစ်တက်ဟာလဲ ၄ နှစ်အတွင်း သူတို့ရဲ့ ပထမဆုံး ချန်ပီယံလိဂ်ရာသီ မတိုင်ခင် အသင်းကို အားဖြည့်ခဲ့ပြီး အရေးအကြီးဆုံး ခေါ်ယူမှုအနေနဲ့ ချယ်ဆီးထံကနေ ဘတ်ရှူဝါရီ ကို အငှားခေါ်ထားပါတယ်။

အုပ်စုအဆင့်ခန့်မှန်းချက် – 1 Dortmund 2 Ajax 3 Sporting; 4 Besiktas

Group D

အုပ်စု D လေးသင်းထဲက သုံးသင်းဟာ မနှစ်က တအုပ်စုထဲ ကျခဲ့တဲ့ အသင်းတွေပါပဲ။ မနှစ်က အုပ်စုအဆင့် အစောပိုင်းမှာ ရုန်းကန်ခဲ့ရတဲ့ ရီးရဲလ်မက်ဒရစ်ဟာ သူတို့ရဲ့ ရွှေရောင် နေ့ရက်တွေကို တဖန်ပြန် လှုပ်နှိုးနိုင်နေဆဲ ဖြစ်ပေမယ့် အသက်အရွယ် ရလာတဲ့ အသင်းစုဖွဲ့မှု ခြေစွမ်း မတည်ငြိမ်မှုတွေ ပိုတိုးလာခဲ့ပါတယ်။

အင်တာမီလန်က ၂၀၁၀ နောက်ပိုင်း ပထမဆုံးအကြိမ် စီးရီးအေဖလား ရခဲ့ပေမယ့် မန်နေဂျာကွန်တီနဲ့တကွ အဓိက ကစားသမားတွေဖြစ်တဲ့ လူကာကူ၊ ဟာကီမီတို့ကို ဆုံးရှုံးထားရပါတယ်။ မနှစ်က ယူကရိန်းဖလား ၄နှစ်ဆက် ရယူနိုင်မှုကို အဆုံးသတ်ခဲ့တဲ့ ရှတ်တာကတော့ ကြီးမားတဲ့ အပြောင်းအရွှေ့အဖြစ် ထရာအိုရေးနဲ့ မာလွန်တို့ကို ခေါ်ယူထားပါတယ်။

အသင်းသစ်ဖြစ်တဲ့ ရှိရစ်ဖ်ကတော့ ပလေးအော့ဖ်မှာ ဒိုင်နမို ဇာဂရဘ်ကို အနိုင်ယူခဲ့ပြီး ချန်ပီယံလိဂ် အုပ်စုအဆင့်ကို ရောက်ရှိတဲ့ ပထမဆုံး မော်လ်ဒိုဗန် ကလပ် ဖြစ်လာခဲ့ပါတယ်။

အုပ်စုအဆင့်ခန့်မှန်းချက် – 1 Real Madrid 2 Inter 3 Shakhtar 4 Sheriff

Group E

အုပ်စု E မှာ ချန်ပီယံဟောင်း ၃ သင်းနဲ့ ဆီမီးဖိုင်နယ် ရောက်ဖူးတဲ့ ၁သင်း ပါဝင်ပါတယ်။

မနှစ်က ဘာစီလိုနာကို ၈-၂ နဲ့ အနိုင်ယူခဲ့တဲ့ ဘိုင်ယန်မြူးနစ်ဟာ ဒီရာသီမှာ ၁၀ နှစ်ဆက် ဘွန်ဒက်စ်လီဂါ ဖလားကို သေချာပေါက် ရယူနိုင်မှာ ဖြစ်ပေမယ့် သူတို့ရဲ့ လွှမ်းမိုးမှုကို ဥရောပပြိုင်ပွဲ ရလဒ်နဲ့ ဆုံးဖြတ်မှာပါ။

ဘာစီလိုနာကတော့ ၂၀၀၃ နောက်ပိုင်းပထမဆုံးအကြိမ်အဖြစ် မက်ဆီမပါပဲ ချန်ပီယံလိဂ်မှာ ကစားရမှာပါ။ ဒိုင်နမို ကိဗ်ဟာ မနှစ်က ၅နှစ်အတွင်း ပထမဆုံးအကြိမ် လိဂ်ချန်ပီယံဖြစ်ခဲ့ပြီး တစ်ပွဲသာ ရှုံးနိမ့်ခဲ့ပါတယ်။ ဘင်ဖီကာကလည်း ကိုပါ လစ်ဘာတာဒိုးရက်စ် ဖလား အောင်မြင်ခဲ့တဲ့ ဖလာမင်ဂို နည်းပြ ဂျော်ဂျေးဆု ပြန်ရောက်လာတဲ့နောက် ပေါ်တူဂီမှာ အဆင့် ၃ ရရှိခဲ့တာပါ။

အုပ်စုအဆင့်ခန့်မှန်းချက် – 1 Bayern 2 Barcelona 3 Dynamo Kyiv 4 Benfica

Group F

မနှစ်က အုပ်စုအဆင့်ကနေ ထွက်ခဲ့ရတဲ့ ယူနိုက်တက်အတွက် ခက်ခဲတဲ့ မဲခွဲမှုတစ်ခုပါ။ ဒီနွေမှာ ဗာရန်း၊ ဆန်ချိုတို့ကို ခေါ်ယူခဲ့တာကြောင့် မန်နေဂျာဆိုးရှားဟာ ဆုဖလား စိန်ခေါ်ရေးမှာ ဘာဆင်ခြေမှ ထပ်ပေးလို့ မရတော့ပါဘူး။

မနှစ်က လာလီဂါ အဆင့် ၇ ရခဲ့တဲ့ ဗီလာရီးရဲဟာ လူတိုင်းကြောက်ရမယ့် မဲအိုး ၁ က အသင်း မဟုတ်ပေမယ့် နည်းပြအမ်မရီက ဥရောပပြိုင်ပွဲရဲ့ ဆရာတဆူဖြစ်ပြီး ယူရိုပါလိဂ် ဖိုင်နယ်မှာ မန်ယူနိုက်တက်ကို အနိုင်ယူခဲ့ကာ ဒါကို သက်သေပြခဲ့ပါတယ်။

ပြင်းထန်တဲ့ ဖိအားပေးတတ်တဲ့ အတ္တလန္တာဟာ မနှစ်က ၁၆ သင်းအဆင့် အိမ်ကွင်းအကျော့မှာ ကံနည်းနည်းပိုကောင်းခဲ့ရင် ရီးရဲလ်မက်ဒရစ်ကို ဖြုတ်ချနိုင်ဖို့ အလားအလာ ရှိခဲ့ပြီး တနှစ်ကလဲ ပီအက်စ်ဂျီနဲ့ ကွာတားဖိုင်နယ်အထိ တက်ရောက်ခဲ့ပါတယ်။

ယန်းဘွိုင်းစ်ဟာ မနှစ်က နည်းပြ ဆေဝါနီလက်အောက် ၂ ပွဲသာ ရှုံးနိမ့်ခဲ့ပြီး ၃၁ မှတ်အသာနဲ့ ဆွစ်ဇာလန် လိဂ်ဖလားကို ရခဲ့ပေမယ့် လေဗာကူဆင်ထံ ဆေဝါနီ ပြောင်းရွှေ့ခဲ့တဲ့နောက် ဒေးဗစ် ဝဂ်နာနဲ့ အစားထိုးထားတာပါ။

အုပ်စုအဆင့်ခန့်မှန်းချက် – 1 ManUnited 2 Atalanta 3 Villarreal 4 Young Boys

Group G

အုပ်စု G မှာတော့ အားအနည်းဆုံး အသင်းတွေကို တွေ့ရပါတယ်။ လိုင်လီဟာ မနှစ်က ပီအက်စ်ဂျီကို ကျော်ပြီး အံ့အားသင့်စရာ လီဂူးဝမ်း ဖလားရခဲ့တဲ့နောက် နည်းပြ ဂယ်တီယာကို ဆုံးရှုံးထားပြီး မဲအိုး ၁ အသင်းတွေထဲမှာ အားအနည်းဆုံးလို့ ဆိုရမှာပါ။

ဆီဗီလာဟာ မနှစ်က လာလီဂါ ချန်ပီယံ အက်သလက်တီကိုနဲ့ ၉ မှတ်သာ ကွာဟခဲ့ပါတယ်။ ဒါပေမယ့် သူတို့ကလဲ မဲအိုး ၂ ထဲမှာ အဆိုးရွားဆုံး အသင်းတစ်သင်း ဖြစ်နိုင်ပါတယ်။ ဝုဒ်ဘတ်ကတော့ ဘွန်ဒက်စ်လီဂါ အဆင့် ၄ ရခဲ့တဲ့နောက် နည်းပြ ဂလက်စ်နာကို ဆုံးရှုံးခဲ့ရပါတယ်။

ဒါတွေက အုပ်စုအဆင့်ကို ပုံမှန်ကစားနေကျဖြစ်လာတဲ့ ရက်ဘူး ဆဲလ်ဘက်အတွက် အခွင့်အရေးကောင်းပါပဲ။ သူတို့ဟာ ပုံမှန်အတိုင်း ကစားသမား အပြောင်းအလဲ များစွာအပြင် အဓိက ကြယ်ပွင့်တွေဖြစ်တဲ့ ဒါကာနဲ့ မွက်ပူတို့ကို ရောင်းချခဲ့ရပေမယ့် ပလေးအော့ဖ် အဆင့်မှာ ဘရွန်းဘီကို အနိုင်ရခဲ့တာပါ။

အုပ်စုအဆင့်ခန့်မှန်းချက် – 1 Salzburg 2 Sevilla 3 Wolfsburg 4 Lille

Group H

မဲအိုး ၃ နဲ့ ၄ က အသင်းတွေ မဲကျခဲ့တာကြောင့် အရမ်း စမ်းသပ်မှုများတဲ့ အုပ်စုဖြစ်နိုင်ခြေက လျော့သွားခဲ့ပါတယ်။ ဇင်းနစ်ဟာ ၃ ပွဲသာ ရှုံးခဲ့ပြီး ၃ နှစ်ဆက် ရုရှားလိဂ်ဖလား ရခဲ့သလို အထင်သေးလို့ မရပေမယ့် သူတို့က အခု လူကာကူကိုပါ ခေါ်ယူအားဖြည့်ထားတဲ့ လက်ရှိ ချန်ပီယံ ချယ်ဆီးလို အဆင့်အတန်းမှာ ရှိမနေပါဘူး။

ရော်နယ်ဒို မရှိတော့ပေမယ့် ပီယာလိုနေရာကို အယ်လီဂရီ ပြန်လည်ဆက်ခံခဲ့တဲ့နောက် ဂျူဗင်တပ်က ပိုပြီး ပြိုင်ဆိုင်မှုပြင်းထန်ဖို့ မျှော်လင့်ရပါတယ်။ စီးရီးအေမှာတော့ ဂျူဗင်တပ်ဟာ အခြေအနေကောင်းတွေ မရသေးဘဲ ရလဒ်တွေ ရုန်းကန်နေရတယ်။

ယခု နယူးကာဆယ် တိုက်စစ်မှူးဟောင်း တိုမက်ဆန် ကိုင်တွယ်နေတဲ့ မယ်လ်မိုဟာ ကလပ်သမိုင်းမှာ တတိယအကြိမ်မြောက် အုပ်စုအဆင့်ကို ရောက်ရှိဖို့ အဆင့်လေးဆင့် ဖြတ်ကျော်လာခဲ့ရတာပါ။

အုပ်စုအဆင့်ခန့်မှန်းချက် – 1 Chelsea 2 Juventus 3 Zenit 4 Malmo